မဲဆောက်တွင် ထိုင်းရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးက မြန်မာတစ်ဦး၏အခန်းကို ဝင်ရှာစဉ် အကြောင်းမဲ့ခြေဖြင့်ကန်ကျောက်

မဲဆောက်တွင် ထိုင်းရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးက မြန်မာတစ်ဦး၏အခန်းကို ဝင်ရှာစဉ် အကြောင်းမဲ့ခြေဖြင့်ကန်ကျောက်

ထိုင်းနိုင်ငံ၊ မဲဆောက်မြို့တွင် ထိုင်းတာဝန်ရှိသူအဖွဲ့က ၂၀၂၄ ခုနှစ် ဇွန်လ (၁၀)ရက်နေ့ ထိုင်းစံတော်ချိန် ညနေ (၅)နာရီခွဲတွင် မြန်မာနိုင်ငံသားတစ်ဦး၏အခန်းကို ဝင်ရောက်စစ်ဆေးစဉ် ထိုင်းတာဝန်ရှိသူက အကြောင်းမဲ့ ကန်ကျောက်မှုပြုလုပ်ပြီး ဖုန်းတွင်းမှ မှတ်တမ်းများကို ဖျက်ခိုင်းခဲ့သည်။

အဆိုပါ မြန်မာနိုင်ငံသားသည် နေထိုင်ခွင့်အထောက်အထားဖြင့် နေထိုင်နေသူတစ်ဦးဖြစ်ပြီး မြန်မာနိုင်ငံတွင်းရှိ စစ်ဘေးရှောင်များအတွက် ထောက်ပံ့ပို့ဆောင်မှု လုပ်ဆောင်နေသည့် နွေဦးတမာန် တော်လှန်ရေးထောက်ပို့အဖွဲ့မှဖြစ်ကြောင်း သိရသည်။

မဲဆောက်ရှိ အဆိုပါမြန်မာနိုင်ငံသား၏အခန်းတွင် ချိတ်ဆွဲထားသည့် မြန်မာနိုင်ငံ သမ္မတနှင့် ဒေါ်အောင်ဆန်းစုကြည်တို့၏ ဓါတ်ပုံများ၊ မြန်မာအလံတို့အား ဖြုတ်သိမ်းခိုင်းသဖြင့် ၎င်းတို့၏ ညွှန်ကြားချက်အတိုင်း လုပ်ဆောင်နေစဉ် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးက  နောက်ကျောမှ အားဖြင့် ဆောင့်ကန်လိုက်သည်ကို မှတ်တမ်းဗီဒီယိုတွင် တွေ့ရသည်။

ထိုင်းရဲနှင့် ရပ်ကွက်ပြည်သူ့စစ်များပါသည့် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့တို့က ၎င်းတို့ဝင်ရောက်စစ်ဆေးစဉ်အတွင်း ယင်းကဲ့သို့ ကိုယ်ထိလက်ရောက်ကျူးလွန်မှုကို ဖုန်းဖြင့် မှတ်တမ်းတင်ထားသည့် ဓါတ်ပုံ၊ ဗီဒီယိုတို့ကိုပါ ဖျက်သွားသည်ဟု နွေဦးတမာန်တော်လှန်ရေးထောက်ပို့အဖွဲ့က ထုတ်ပြန်ထားသည့် သတင်းတွင် ဖေါ်ပြထားသည်။

"ကျွန်တော်တို့ရွှေ့ပြောင်းလုပ်သားတွေ အခုလို ကိုယ့်နိုင်ငံ ခွေးဆွဲ‌ခံနေရတာကို ကြည့်မနေနိုင်လို့ နိုင်ရာကနေ စစ်ဘေးရှောင်ပြည်သူတွေကို ကူတယ်။ ထိုင်းအာဏာပိုင်တွေရဲ့ ဥပဒေကိုလည်း လေးစားလိုက်နာတယ်။ အခုလို ကျွန်တော်တို့ အမြတ်တနိုးထားရတဲ့ အမေစုနဲ့ သမ္မတကြီးပုံတွေ ကျွန်တော်တို့အခန်းက အိမ်ဦးခန်းမှာချိတ်တာ မကြိုက်ဘူး၊မရဘူးဆိုရင် ကျွန်တော်တို့ကို အေးဆေးပြောလို့ရတယ်။ ကျွန်တော်လည်း အေးဆေးဖြုတ်ပေးတယ်။ ဒါကို ကျွန်တော့်ကို အနောက်ကနေ ဘာမပြော ညာမပြောနဲ့ အနိုင်ကျင့် ကန်ကျောက်တာကိုတော့  ထိုင်းအာဏာပိုင်တွေကို မေးပေးပါ။ကိုယ့်နိုင်ငံထံ ခိုလှုံအလုပ်လုပ်နေတဲ့ ရွှေ့ပြောင်းလုပ်သားတစ်ဦးကို အခုလို အနိုင်ကျင့် ကန်ကျောက်လို့ ရပါသလား"ဆိုတာပါပဲ။ သူတို့အနိုင်ကျင့် ကန်‌ကျောက်တဲ့ မှတ်တမ်း video‌ တွေကိုလည်း သူတို့ပဲ အကုန်ဖျက်သွားတယ်။ အခုvideoကလည်း တပ်တွင်းဖရဲသီးဆီကပို့လို့ ပြန်ရတာ။နောက်တစ်ခုက အမေစုပုံတွေ သမ္မတပုံတွေဆိုတာက လက်နက်ပစ္စည်းလည်းမဟုတ်ဘဲ ဘာဖြစ်လို့ ယူဆောင်သိမ်းသွားတာပါလဲဆိုတာပါပဲ။ အခုလို အလုပ်ခံရလို့ ကျွန်တော့်အနေနဲ့ လုံးဝကြောက်လန့်နေမှာ မဟုတ်ဘဲ ကျွန်တော်တို့ရဲ့ စစ်ရှောင်ပြည်သူတွေအတွက် ဆက်လက်လုပ်ဆောင်သွားမှာပါ"ဟု ကန်ကျောက်ခံရသူ ထောက်ပို့တာဝန်ခံ အမေ့သားနွေတမာန်က ၎င်း၏သတင်းထုတ်ပြန်ချက်တွင် ပြောထားသည်။

နေအိမ်ဝင်ရောက်ရှာဖွေမှုအတွင်း ခြေဖြင့်ကန်ကျောက်ခဲ့သူမှာ ရပ်ကွက်ပြည်သူ့စစ်ခေါ် ရပ်ကွက်လုံခြုံရေးအတွက်ဖွဲ့ထားသည့် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့၏ ယူနီဖောင်းကို ဝတ်ဆင်ထားသည်ကို တွေ့ရသည်။

ထိုင်းနိုင်ငံတွင်း နယ်စပ်ဒေသများတွင် ရပ်ကွက် သာရေး၊ နာရေး၊ လုံခြုံရေးအတွက် ရပ်ကွက်အုပ်ချုပ်ရေးမှူးကဦးစီး၍ ရပ်ကွက်တွင်းရှိလူများဖြင့် ရပ်ကွက်လုံခြုံရေးအဖွဲ့များ ဖွဲ့ထားခြင်းဖြစ်ပြီး ပြည်သူ့စစ်အဖွဲ့ဟုလည်း ခေါ်ကြသည်။

ထိုင်းတာဝန်ရှိသူအဖွဲ့က မြန်မာနိုင်ငံသား၏အခန်းတွင်းမှ ဖြုတ်ခိုင်းသည့် ဓါတ်ပုံများကို သိမ်းဆည်းသွားသည်ဟု သိရသည်။

ယင်းကဲ့သို့ရှာဖွေမှုမှာ မြန်မာစစ်ကောင်စီ၏ တိုင်ကြားချက်အရ လုပ်ဆောင်ခြင်းဖြစ်သည်ဟု နွေဦးတမာန်တော်လှန်ရေးထောက်ပို့အဖွဲ့က ပြောကြားထားသည်။

နောက်ဆက်တွဲဖြစ်ရပ်များနှင့်ပတ်သက်၍ နွေဦးတမာန်တော်လှန်ရေးထောက်ပို့အဖွဲ့အား တာချီလိတ်သတင်းအေဂျင်စီအဖွဲ့က ဆက်သွယ်မေးမြန်းထားဆဲဖြစ်ပါသည်။

#TachileikNewsAgency