စစ်အာဏာရှင်စနစ် တော်လှန်ဖယ်ရှားရေးတွင် ပြည်တွင်း ပြည်ပ ပအိုဝ်းလူငယ်ပေါင်းစုံ ပါဝင်ပြီး ကျယ်ကျယ်ပြန့်ပြန့် ပြိုင်တူ လှုပ်ရှားနိုင်ရန်အတွက် ထိုင်းနိုင်ငံရောက် ပအိုဝ်းလူငယ်များတွေ့ဆုံခဲ့ကြကြောင်း သိရသည်။
ပအိုဝ်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ခမ်းဒွမ်)၏ ထိုင်းနိုင်ငံရောက် စည်းရုံးရေးနှင့်ဘဏ္ဍာရေးတာဝန်ခံ ပအိုဝ်းလူငယ်များ ၂၀၂၂ခုနှစ် ဇန်နဝါရီလ၏ တတိယပတ်အစတွင် တွေ့ဆုံခဲ့ကြပြီး ထိုင်းနိုင်ငံရောက် ပအိုဝ်းတိုင်းရင်းသား လူငယ်များ စည်းစည်းလုံးလုံးနှင့် ချိတ်ဆက် ပူးပေါင်း လှုပ်ရှားနိုင်သည့် ပြည်ပ စစ်အာဏာရှင်တော်လှန်ရေးကွန်ရက်တစ်ခု ဖွဲ့စည်းနိုင်ရန် လိုအပ်ကြောင်းလည်း ဆွေးနွေးခဲ့ကြသည်။
စစ်အာဏာရှင်စနစ်ကို ဖယ်ရှားပြီး ကိုယ်ပိုင်အုပ်ချုပ်ခွင့် ကိုယ်ပိုင်ပြဌာန်းခွင့်ရှိသည့် ပြည်ထောင်စုအဖွဲ့ဝင် ပအိုဝ်းပြည်နယ်တစ်ခု ပေါ်ပေါက်လာရေးသည် ပအိုဝ်းတိုင်းရင်းသား တစ်ဦးချင်းစီ၏ အမျိုးသားရေးတာဝန်တစ်ရပ်ဖြစ်သည်ဟု ပအိုဝ်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ခမ်းဒွမ်)က သတင်းထုတ်ပြန်ထားသည်။
ပအိုဝ်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ခမ်းဒွမ်)သည် လက်ရှိတွင် သုဝဏ္ဏဘူမိသထုံဒေသကို တပ်နယ်(၁)အဖြစ် လည်းကောင်း၊ ကရင်ပြည်နယ်ကို တပ်နယ်(၂)အဖြစ်လည်းကောင်း ၂၀၂၂ခုနှစ် ဇန်နဝါရီလ(၁၄)ရက်နေ့က တိုးချဲ့ဖွဲ့စည်းထားကြောင်းလည်း သိရသည်။