မရမ်းကုန်းတွင် စကစ လက်ကိုင်တုတ် သတင်းပေး ဒလန်ဟုဆို နာမည်ဆိုးထွက်နေသူ သေနတ်ဖြင့် ပစ်သတ်ခံရ

မရမ်းကုန်းတွင် စကစ လက်ကိုင်တုတ် သတင်းပေး ဒလန်ဟုဆို နာမည်ဆိုးထွက်နေသူ သေနတ်ဖြင့် ပစ်သတ်ခံရ
ဇန်နဝါရီ 5, 2022 | အခြားဒေသများ

ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ် အထက်ဗဟိုလမ်းမပေါ်တွင် ယနေ့ ၂၀၂၂ခုနှစ် ဇန်နဝါရီလ(၅)ရက်နေ့ ညနေပိုင်းက စကစ လက်ကိုင်တုတ် သတင်းပေး ဒလန်ဟုဆို နာမည်ဆိုးထွက်နေသည့်  အမျိုးသားတစ်ဦး သေနတ်ဖြင့် ပစ်ခံရ၍ နေရာတွင် ပွဲချင်းပြီး သေဆုံးသွားသည်။

"မရမ်းကုန်း (၂)ရပ်ကွက်က ဒလန်တဲ့ နှစ်သစ်ကူးညက  (၁၂)ထိုးတော့ ပြည်သူတွေက မအလ မအလ လို့ ဆဲကြ အော်ကြ သံပုန်းတီးကြတော့ သူရောက်လာပြီး ဆဲတာ။ ဆဲတာ မိုးမွှန်ပဲ။ မင်းတို့ ဆဲကြလေ မဆဲတော့ဘူးလား စောက်သတ္တိရှိနေကြတယ်ဆို ဆဲလေဘာလို့ စောက်သံတိတ်နေတာလဲဆိုပြီး သူ့ပစ္စည်းနဲ့လဲနှိုင်းဆဲတာ အခုတော့ဂန်းစာမိပြီ"ဟု ဒေသခံတစ်ဦးက Tachileik News Agecny သို့ ပြောသည်။

စကစ လက်ကိုင်တုတ် သတင်းပေး ဒလန်ဟုဆို နာမည်ဆိုးထွက်နေသည့်  မြင့်ဇော်ဦးဆိုသူသည် အထက်ဗဟိုလမ်းမပေါ်တွင် ဆိုင်ကယ်စီးလာစဉ် သေနတ်ဖြင့် ပစ်သတ်ခံရခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်ပြီး အာဏာသိမ်းစစ်တပ်က ကား(၇)စီး၊ ရဲများက ဆိုင်ကယ်ဖြင့် ရောက်ရှိလာကာ လမ်းပိတ်စစ်ဆေးမှုများ ပြုလုပ်နေသည်ဟု သိရသည်။

သတ်ခံရသည့် အနီးတွင် ပေါ်တော်မူ ဘုရားဝန်းရှိနေပြီး ဘုရားဝန်းအတွင်း၌  အာဏာသိမ်းစစ်တပ်၏ တပ်စွဲထားကြောင်းလည်း သိရသည်။