ဘုတ်ပြင်းမြို့နယ်ရှိ မိုကလိုဝေ့တာဝါတိုင်စခန်းကို တော်လှန်ရေးတပ်များသိမ်းပိုက်ရာ စစ်ကောင်စီတပ်သားများ ထွက်ပြေး

ဘုတ်ပြင်းမြို့နယ်ရှိ မိုကလိုဝေ့တာဝါတိုင်စခန်းကို တော်လှန်ရေးတပ်များသိမ်းပိုက်ရာ စစ်ကောင်စီတပ်သားများ ထွက်ပြေး

တနင်္သာရီတိုင်း၊ ဘုတ်ပြင်းမြို့နယ်၊ ပြည်ကြီးမဏ္ဍိုင်မြို့နယ်ခွဲ၊ ပြည်ကြီးမဏ္ဍိုင်နှင့် ဘန်ဂလောကျေးရွာအနောက်ဘက်ရှိ စစ်ကောင်စီတပ်၏ မိုက်ကလိုဝေ့တာဝါတိုင်တောင်ကုန်းစခန်းအား ၂၀၂၄ခုနှစ် မတ်လ(၂၂)ရက်နေ့တွင် တော်လှန်ရေးတပ်များက တိုက်ခိုက်သိမ်းပိုက်လိုက်ကြောင်း ဘုတ်ပြင်းမြို့နယ်ပကဖထံမှ သိရသည်။

အဆိုပါစခန်းကုန်းအား ယမန်နေ့ နံနက်ပိုင်းတွင် KTLAနှင့် Flying Star Force ဘုတ်ပြင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ပူးပေါင်း၍ KTLA ဒုတပ်ရင်းမှူး ဗိုလ်ကြီးဒို ဦးဆောင်မှုဖြင့် တိုက်ခိုက်ရာ (၄)နာရီကြာ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

တိုက်ပွဲအတွင်းသို့ ပြည်ကြီးမဏ္ဍိုင်မြို့တွင်း ဆင်နှစ်ကောင်ဘုန်းကြီးကျောင်းတောင်ပေါ်တွင် အခြေစိုက်ထားသော စစ်ကောင်စီတပ်ဖွဲ့များနှင့် လေညှာ-မဏ္ဍိုင်တံတားကြီးဂိတ်စခန်းမှ စစ်ကောင်စီတပ်ဖွဲ့များက (၁၂၀)မမနှင့် (၈၀)မမ လက်နက်ကြီးများဖြင့် ပစ်ကူပေးခဲ့သည်ဟု ဆိုသည်။

စစ်ကောင်စီတပ်များ လက်နက်ကြီးပစ်ကူပေးနေသည့်ကြားမှ တော်လှန်ရေးတပ်များသည် မိုက်ကလိုဝေ့တာဝါတိုင်တောင်ကုန်းစခန်းအား သိမ်းပိုက်နိုင်ခဲ့ပြီး စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးသူများကာ ထွက်ပြေးသွားသည်ဟု သိရသည်။

စခန်းသိမ်းတိုက်ပွဲအတွင်းမှ (၆၀)မမ စိန်ပြောင်းတစ်လက်၊ MA 4 နိုင်းတွဲတစ်လက်၊ MA 3 (၂)လက်၊ မော်တာကျည် (၃၆)လုံး၊ (၆၀)မမကျည်သီး (၄၂)လုံး၊ MA 3၊ MA4 ကျည်(၂၀၄၀)တောင့်၊ လက်ပြစ်မိုင်းသီး/ကစ်(၅)စုံ၊ လက်ပစ်ဗုံးသီး(၃)လုံး၊ တိုက်မိုင်း ကစ်(၅)စုံ၊ MA3/MA4 ကျည်ဘောက် (၁၅)ခု၊ လက်ကိုင်ဖုန်း (၃)လုံး၊ ဓါး (၆)ချောင်း၊ ကျည်ကာအင်္ကျီတစ်စုံ၊ အီကွေးမင့် (၃)စုံ၊ ရေဗူးတစ်လုံး၊ ကျောပိုးအိတ်တစ်လုံး၊ စကားပြောစက် အားသွင်းခုံတစ်ခုအပါဝင် လက်နက်ခဲယမ်းပစ္စည်းပေါင်း(၁၇)မျိုးကို သိမ်းဆည်းရရှိခဲ့သည်ဟု သိရသည်။

#TachileikNewsAgency

Photo: Flying Starr Force