ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စုအတွင်းမှ သာယာကုန်းကျေးရွာရှိ ကျောက်စိမ်းလုပ်ကွက်တစ်ခုတွင် ယနေ့ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ (၂၂) ရက်နေ့ နံနက် ၄ နာရီဝန်းကျင်က မြေစာပုံပြိုကျရာ၌ ပါသွားသူများကို မီးသတ်နှင့်လူမှုကူညီရေးအဖွဲ့များက ရှာဖွေကယ်ဆယ်ရေးလုပ်နေကြသည်ဟု သိရသည်။
စိန်စိန်လုပ်ကွက်ရှိ မြေစာပုံ၏ အမြင့်ပေ (၂၀၀)ခန့်မှ မြေစာပြတ်ကျ၍ ရေမဆေးကျောက်ရှာဖွေသူများ ရေကန်အတွင်း ပြုတ်ကျခြင်းဖြစ်သည်ဟု မီးသတ်ဦးစီးဌာန၏ သတင်းဖေါ်ပြချက်အရ သိရပြီး မြေပြိုကျမှုဖြစ်ပွားရာသို့ ဖားကန့်မြို့နယ်မီးသတ်စခန်း၊ လုံးခင်းနယ်မြေမီးသတ်စခန်း၊ လုံးခင်းကျေးရွာအရန်မီးသတ်စခန်းမှ တပ်ဖွဲ့ဝင်များ သွားရောက်ကူညီနေသည်ဟု သိရသည်။
ဖားကန့်တွင် ကျောက်စိမ်းတူးဖေါ်သည့် ကုမ္ပဏီများက စက်ယန္တရားကြီးများဖြင့် တူးဖေါ်ပြီး စွန့်ပစ်လိုက်သည့် မြေစာပုံ၌ ရေမဆေးကျောက်ရှာဖွေကြရာမှ မြေစာပုံပြိုကျမှု မကြာခဏဖြစ်ပွားနေရာ ယခုတစ်ပတ်အတွင်း ဒီဇင်ဘာလ (၁၉) ရက်နေ့ကလည်း ဆိုင်းဂျာဘွမ်ကျေးရွာအနီးရှိ လုပ်ကွက်ဟောင်းတစ်ခုတွင် မြေစာပုံပြိုကျခဲ့သဖြင့် ရေမဆေးကျောက်ရှာဖွေသူ (၁၀) ဦးဝန်းကျင် အသက်ဆုံးရှုံးခဲ့ရသည်။