မွန်ပြည်နယ်အတွင်းရှိ တပ်စခန်းများကို စစ်ကူပို့နိုင်မည်မဟုတ်ဘဲ ကတုတ်ကျင်းတူး၍ ခံစစ်သာပြင်ထားရန် စစ်ကောင်စီညွှန်ကြား

မွန်ပြည်နယ်အတွင်းရှိ တပ်စခန်းများကို စစ်ကူပို့နိုင်မည်မဟုတ်ဘဲ ကတုတ်ကျင်းတူး၍ ခံစစ်သာပြင်ထားရန် စစ်ကောင်စီညွှန်ကြား

မွန်ပြည်နယ်အတွင်းရှိ စစ်ကောင်စီတပ်စခန်းများအား စစ်ကူပို့နိုင်မည်မဟုတ်ဘဲ ခံစစ်သာပြင်ဆင်ထားကြရန် စစ်ကောင်စီက တပ်များအားလုံးကို ညွှန်ကြားထားကြောင်း တပ်တွင်းသတင်းအရင်းအမြစ်ထံမှ သိရသည်။

မွန်ပြည်နယ်အတွင်းရှိ စစ်တပ်စခန်းများ၊ မြို့များတွင် ခံစစ်အတွက် ကတုတ်ကျင်းများကို ခိုင်ခိုင်မာမာ တည်ဆောက်ပြီး မဆုတ်တမ်းပစ်ခတ်ရန်နှင့် မည်သည့်စစ်ကူမှ ပေးနိုင်မည်မဟုတ်ကြောင်း အထက်ကညွှန်ကြားထားသည်ဟု ၎င်းကဆိုသည်။

“လက်ရှိ စစ်ခန်းတွေ၊ မြို့တွေမှာ ခံစစ်အတွက် ကတုတ်ကျင်းတွေကို ခိုင်ခိုင်မာမာတည်ဆောက်ပြီးတော့ မဆုတ်တမ်းပစ်ခတ်ဖို့ပေါ့နော်၊ ဘယ်စစ်ကူမှမလွှတ်နိုင်ဘူးလို့ပြောတယ်။”ဟု တပ်တွင်းသတင်းအရင်းအမြစ်က Tachileik News Agency ကိုပြောသည်။

အဆိုပါသတင်းနှင့်ပတ်သက်ပြီး တပ်တွင်းသတင်းအရင်းအမြစ်၏ ပြောကြားချက်အရသာသိရပြီး Tachileik News Agency အနေဖြင့် ထပ်မံ၍ သီးခြားအတည်မပြုနိုင်ပါ။

“တစ်နိုင်ငံလုံးနဲ့ခြုံကြည့်ရင် အဲဒီအတိုင်းပဲဖြစ်လိမ့်မယ်ထင်တယ်။ ဘာလို့ဆို သူတို့က ကိုယ့်မြို့၊ ကိုယ်တိုင်း၊ ကိုယ့်ပြည်နယ်ကို ထိန်းရတာကိုး။ ပြည်နယ်နဲ့ တိုင်းအားလုံးမှာ တိုက်ခိုက်ဖို့ ပြင်ဆင်နေကြတာဆိုတော့ ကိုယ့်ပြည်နယ်၊ ကိုယ့်စခန်းမကျရေးအတွက် တာဝန်ရှိတယ်လေ။ မြို့တွေ၊ စခန်းတွေအနားကပ်လာပြီဆိုတော့ သူတို့အတွက် အန္တရာယ်ရှိလာပြီ။ တဖက်သွားကူရင် တဖက်ကပြန်ဖြစ်မှာကိုး သူတို့အင်အားနည်းတဲ့အတွက် စစ် ကူပေးဖို့တော့ သူတို့အတွက် တော်တော်အခက်အခဲဖြစ်လိမ့်မယ်။”ဟု မွန်ပြည်နယ်အတွင်းရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

လက်ရှိတွင် စစ်ကောင်စီသည် ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် အရန်တပ်ဖွဲ့ ဥပဒေကို စစ်ကောင်စီက ပြဌာန်းလာပြီး ဧပြီလကုန်ပါက အသက်သွင်းမည်ဟု ပြောဆိုထားကာ မြန်မာနိုင်ငံတွင် စစ်မှုထမ်းရန်အကျုံးဝင်သော အသက် (၁၈)နှစ်မှ အသက်(၃၅)နှစ်အ‌ကြား အမျိုးသား(၆.၃)သန်းနှင့် အသက်(၁၈)နှစ်မှ အသက်(၂၇)နှစ်အကြား အမျိုးသမီး(၇.၇)သန်းရှိကြောင်း စစ်ကောင်စီကထုတ်ပြန်ထားသည်။

စစ်ကောင်စီတပ်တွင် စစ်အင်အား(၅)သိန်းခန့်ရှိသည်ဟုဆိုသော်လည်း စစ်တပ်အာဏာသိမ်းပြီးနောက် နွေဦးတော်လှန်ရေးကာလအတွင်း စစ်အင်အားလျှော့နည်းလာခြင်းကြောင့် ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် အရန်တပ်ဖွဲ့ ဥပဒေကို စစ်ကောင်စီက ပြဌာန်းလာခြင်းဖြစ်သည်ဟု သိရသည်။

#TachileikNewsAgency