ပင်လည်ဘူးမြို့တိုက်ပွဲ စစ်ကောင်စီတပ်က ရဟတ်ယာဥ် ၄ စီးဖြင့် အင်အားထပ်ဖြည့်

ပင်လည်ဘူးမြို့တိုက်ပွဲ စစ်ကောင်စီတပ်က ရဟတ်ယာဥ် ၄ စီးဖြင့် အင်အားထပ်ဖြည့်
စက်တင်ဘာ 8, 2024 | 2021 Military Coup| အခြားဒေသများ

စစ်ကိုင်းတိုင်း ပင်လည်ဘူးမြို့ရှိ နောက်ဆုံးကျန် ရဲစခန်းတွင် တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီတပ်က ယနေ့ ၂၀၂၄ ခုနှစ် စက်တင်ဘာလ (၈)ရက်နေ့တွင် ရဟတ်ယာဥ်(၄)စီးဖြင့် တပြိုင်တည်း အင်အားဖြည့်တင်သွားကြောင်း စစ်ရေးသတင်းအရင်းအမြစ်ထံမှ သိရသည်။

တော်လှန်ရေးတပ်များသည် ပင်လည်ဘူးမြို့ရှိ နောက်ဆုံးကျန် ရဲစခန်းကိုသိမ်းပိုက်နိုင်ရန် ဆက်လက်တိုက်ခိုက်နေပြီး စစ်ကောင်စီတပ်က လေကြောင်းပစ်ကူအပြင် ရဟတ်ယာဥ်(၄)စီးဖြင့်ပါ အင်အားဖြည့်တင်းထားသည်ဟု သိရသည်။ 

"ရဟတ်ယာဥ်(၄)စီးနဲ့ တပြိုင်နက် အင်အားဖြည့်ထားတာ။ အင်အားဘယ်လောက်ဆိုတာ မသိရသေးဘူး။ ရဲစခန်းသိမ်းနိုင်ဖို့ တိုက်နေဆဲပါဗျ။ တိုက်ပွဲပြင်းထန်နေဆဲပါပဲ။"ဟု စစ်ရေးသတင်းအရင်းအမြစ်က Tachileik News Agency ကိုပြောသည်။

ပင်လည်ဘူးမြို့ရှိ စစ်ကောင်စီတပ်စခန်းများကို တော်လှန်ရေးတပ်များက တိုက်ခိုက်သိမ်းပိုက်ထားပြီး စစ်ကောင်စီတပ်နှင့် ရှမ်းနီတပ်ဖွဲ့(SNA)တို့ ယနေ့ ၂၀၂၄ခုနှစ် စက်တင်ဘာလ (၆)ရက်နေ့တွင် တစ်ခုတည်းသောကျန်တော့သည့် ရဲစခန်းကို ဆုတ်ခွာခုခံနေခြင်းကြောင့် ထပ်မံတိုက်ခိုက်နေခြင်းဖြစ်သည်။ 

အဆိုပါနေ့တွင် ပင်လည်ဘူးရဲစခန်းအား ရဟတ်ယာဉ်(၈)စင်းနှင့် စစ်ကူလာချသွားသည့် စစ်ကောင်စီတပ်သား(၈၀)ဦးကိုလည်း ဖမ်းဆီးရမိထားသည်ဟု သိရသည်။ 

"အဖမ်းခံရတာ (၈၀)ကျော်တယ်။ ခွေးကြီး(၃)ကောင်ပါတယ်။ အခုလေးတင်ပဲ လေကြောင်းကလာပစ်တယ်။"ဟု ၎င်းက ညနေ ၄ နာရီခွဲကျော်တွင် ပြောသည်။

ဖမ်းဆီးရမိသည့် အရာရှိအဆင့်များကိုမူ ၎င်းက ထုတ်ဖော်ပြောဆိုခြင်းမရှိပါ။

လက်ရှိ တော်လှန်ရေးတပ်များသည် ပင်လည်ဘူးမြို့တွင်းအနှံ့ နေရာယူထားပြီး စစ်ကောင်စီတပ်စွဲထားသည့် ကျောက်တိုင်ကုန်း၊ ဘုရားကုန်း၊ မိုးဆုတောင်းဘုရား၊ ရုပ်သံကုန်းစသည့် ခံစစ်နေရာများကိုသိမ်းထားပြီးဖြစ်သည်။ 

ပင်လည်ဘူးမြို့ရှိ စစ်ကောင်စီတပ်များကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့် PDF ပူးပေါင်းတပ်များက ပူးပေါင်းတိုက်ခိုက်နေခြင်းဖြစ်သည်။ 

ပင်လည်ဘူးမြို့ကို တော်လှန်ရေးပူးပေါင်းတပ်များက ပြီးခဲ့သည့် ဩဂုတ်လ (၁၅)ရက်နေ့မှ စတင်ထိုးစစ်ဆင်တိုက်ခိုက်နေခြင်းဖြစ်သည်။

#TachileikNewsAgency