မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ် ကျင်းရွာအတွင်း အာဏာသိမ်းစစ်တပ်က အင်အားများသုံးပြီး ရွာအတွင်းရှိ ယခင် ချိတ်ပိတ်ထားသည့် နေအိမ်များကို ဝင်ရောက်ဖျက်ဆီးမှုများ လုပ်ဆောင်သွားကြောင်း သိရသည်။
အာဏာသိမ်းစစ်တပ်က အင်အား (၈၀)ကျော်အသုံးပြုကာ ၂၀၂၁ခုနှစ် နိုဝင်ဘာလ(၁၆)ရက်နေ့ ည(၉)နာရီခွဲဝန်းကျင်အချိန်က စပြီး ကျင်းရွာအတွင်းရှိ ချိတ်ပိတ်ခံထားရသည့် ကိုနန်းခိုင်၊ ကိုအောင်အောင် နှင့် ကိုဖြိုးဝေတို့၏ နေအိမ်များကို ဖျက်ဆီးမွှေနောက်ရှာဖွေမှုများ လုပ်ဆောင်ကာ သေနတ်များဖြင့် အချက်ပေါင်းများစွာ ရမ်းသမ်းပစ်ဖောက်ပြီး နိုဝင်ဘာလ(၁၇)ရက်နေ့အကူး နံနက်(၁)နာရီဝန်းကျင်တွင် ကျေးရွာကနေ ပြန်လည်ထွက်ခွာသွားကြောင်း သိရသည်။
ကျင်းရွာအတွင်းသို့ ပြီးခဲ့သည့် ရက်ကလည်း အာဏာသိမ်းစစ်တပ်ဘက်က အင်အား(၁၀၀)ဝန်းကျင်အသုံးပြုကာ ရောက်လာပြီး စစ်ဆေးမေးမြန်းမှုများ ပြုလုပ်ပြီး ကျေးရွာ၏ တောင်ဘက်တွင် ၎င်းတို့အား ဆန့်ကျင်သူများရှိသည်ဟု ဆိုကာ တောနင်းရှာဖွေမှုများ ပြုလုပ်သလို ကျေးရွာအတွင်း မီးရှို့ခြင်းများပါ လုပ်ဆောင်ခဲ့ကြောင်းလည်း သိရသည်။
ဝမ်းတွင်းမြို့နယ်၊ ကျင်းရွာအတွင်း အာဏာသိမ်းစစ်တပ်၏ သတင်းပေးဒလန်ဟုဆိုသည့် ကျောင်းဆရာမတစ်ဦး သတ်ခံရပြီးနောက် အာဏာသိမ်းစစ်တပ်က ယခုလို ကျေးရွာအတွင်း အကြမ်းဖက်မှုများ လုပ်ဆောင်နေခြင်း ဖြစ်သည်။