တီးတိန်တွင် အဓမ္မပြုကျင့်မှု ကျူးလွန်သည့် အာဏာသိမ်းစစ်တပ် ကိစ္စမှာ ချင်းတစ်မျိုးသားလုံးသာမက မြန်မာပြည်သူလူထုတစ်ရပ်လုံးကို စော်ကားမှုဖြစ်ကြောင်း ဇိုမီးဖက်ဒရယ်အစည်းအရုံး ထုတ်ပြန်ကြေညာ

တီးတိန်တွင် အဓမ္မပြုကျင့်မှု ကျူးလွန်သည့် အာဏာသိမ်းစစ်တပ် ကိစ္စမှာ ချင်းတစ်မျိုးသားလုံးသာမက မြန်မာပြည်သူလူထုတစ်ရပ်လုံးကို စော်ကားမှုဖြစ်ကြောင်း ဇိုမီးဖက်ဒရယ်အစည်းအရုံး ထုတ်ပြန်ကြေညာ
နိုဝင်ဘာ 16, 2021 | အခြားဒေသများ

အာဏာသိမ်းစစ်တပ်က ချင်းပြည်နယ်မြောက်ပိုင်း တီးတိန်မြို့ အပ်လွယ်ရွာမှ မီးဖွားပြီးစမိခင်တစ်ဦးကို မိသားစုရှေ့ အကြိမ်ကြိမ် အဓမ္မပြုကျင့်ပြီး ထုတ်ဖေါ်သူများအား အသက်အန္တရာယ်ခြိမ်းခြောက်နေသည့် အနိုင်ကျင့်စော်ကားမှု၊ လူ့အခွင့်အရေးချိုးဖောက်မှုသည် ဇိုမီးလူမျိုး၊ ချင်းတမျိုးသားလုံးနှင့် မြန်မာပြည်သူလူထု တစ်ရပ်လုံးကို အနိုင်ကျင့် စော်ကားခြင်းဖြစ်သည်ဟု ဇိုမီးဖက်ဒရယ်အစည်းအရုံးက ထုတ်ဖေါ်ပြောကြားလိုက်သည်။

ယခုဖြစ်စဥ်ကဲ့သို့သော ရိုင်းစိုင်းယုတ်မာမှုများသည် အာဏာသိမ်းစစ်တပ်က နှစ်ပေါင်းများစွာ ကျူးလွန်လာခဲ့သည့် စစ်ရာဇဝတ်မှုများဖြစ်ပြီး အဆိုပါလူမဆန်သော လုပ်ရပ်များ၊ မတရားမှုများအတွက် တရားမျှတမှုကို ဖော်ဆောင်ကာ နစ်နာသူအားလုံးအတွက် လက်တုန့်ပြန်သွားမည်ဖြစ်ကြောင်း ဇိုမီးဖက်ဒရယ်အစည်းအရုံးကကြေညာလိုက်သည်။

အာဏာသိမ်းတပ်၏ တပ်ဖွဲ့ဝင် (၃) ဦးက ချင်းပြည်နယ်မြောက်ပိုင်း တီးတိန်မြို့နယ်၊ အပ်လွယ်ကျေးရွာမှ မီးဖွားကာစ မိခင်တစ်ဦးကို  ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာ (၁၁) ရက်နေ့တွင် မိသားစု ရှေ့မှောက်၌ အကြိမ်ကြိမ်အဓမ္မပြုကျင့်ခဲ့သည့်အပြင် ခင်ပွန်းသည်ကို ညှင်းပန်းနှိပ်စက်ပြီး အဖိုးတန် လက်ဝတ်တန်ဆာများကိုလည်း လုယူခဲ့ကြပြီး ယင်းဖြစ်စဉ်အား  ထုတ်ဖော်ပြောဆိုသော ကာယကံရှင်မိသားစုများနှင့် အခြား ပုဂ္ဂိုလ်များကို အသက်အန္တရာယ်ခြိမ်းခြောက်ခြင်းများပြုလုပ်နေသည်ဟု သိရသည်။

လက်ရှိတွင် အဆိုပါမိသားစုအား Zomi Federal Union ၏ စောင့်ရှောက်မှုအောက်တွင် လုံခြုံစွာထားရှိပြီး လိုအပ်သော စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ကုသမှုနှင့်ပံ့ပိုးမှုများ လုပ်ဆောင်ပေးနေကြောင်း သိရသည်။

 

ဆက်စပ်သတင်း

တီးတိန်မြို့နယ် အပ်လွယ်ရွာတွင် အာဏာသိမ်းစစ်တပ်မှ တပ်ဖွဲ့ဝင်  (၃)ဦးက  တစ်လခွဲအရွယ်ကလေးငယ်၏ မိခင်ဖြစ်သူကို ခင်ပွန်းရှေ့တွင် အဓမ္မပြုကျင့်