ကိုယ်ပိုင်အိမ်ဖြင့် မနေဖူးသည့် အာဏာသိမ်းစစ်တပ်၏ စစ်သားများက အရာတော်မြို့နယ်အတွင်း မကျီးကန်ကျေးရွာအတွင်း နေအိမ်များကို တန်ဖိုးမသိဘဲ မီးရှို့ဖျက်ဆီးပြီး ပစ္စည်းများကိုလည်း ခိုးဝှက်သယ်ဆောင်သွားသည်ဟု သိရသည်။
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ အရာတော်မြို့နယ်အတွင်း အောက်တိုဘာလ(၁၆)ရက်နေ့က မိုင်းဆွဲတိုက်ခိုက်ခံလိုက်ရ၍ အထိနာသွားသည့် အာဏာသိမ်းအကြမ်းဖက် စစ်တပ်၏ စစ်သားများက အနီးအနားရှိ မကျီးကန်ကျေးရွာအတွင်း ဝင်ရောက်ကာ နေအိမ်ကို မီးရှို့ဖျက်ဆီးပြီး ရွာဦးဘုန်းကြီးကျောင်းကိုလည်း ဝင်မွှေကာ ကျေးရွာတွင်းရှိ ကားကိုလည်း ယူဆောင်သွားသည်ဟု သိရသည်။
"ဒီကောင်တွေ မီးရှို့သွားတာ သုံးလုံးလောက်ရှိတယ်။ အိမ်ဆိုတာနဲ့ မနေဖူးတော့ အိမ်တစ်လုံးရဲ့တန်ဖိုး နားမလည်တဲ့ကောင်တွေ။ ရွာဘုန်းကြီးကျောင်းကိုလည်း ဝင်မွှေသွားတယ်။ ပြောတော့ အမျိုးဘာသာ သာသနာတဲ့။ ပါးစပ်က ဘုရားဘုရား လက်က ကားယား ကားယားဆိုတာ ဒီကောင်တွေမှအစစ်" ဟု နယ်ခံတစ်ဦး၏ ပြောပြချက်ကို ဒေသအခြေပြု အရာတော်မြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ဖော်ပြထားသည်ကို တွေ့ရသည်။
အာဏာသိမ်းအကြမ်းဖက်စစ်တပ်က မကျီးကန်ကျေးရွာအတွင်း ရှာဖွေမွှေနှောက်ပြီးနောက် နေအိမ်အချို့မှ အသုံးအဆောင်ပစ္စည်းများကို ခိုးဝှက်သယ်ဆောင်သွားသလို Light Truck အချို့ကိုလည်း သိမ်းယူသွားသည့်အပြင် အိမ်ထောင်စုစာရင်းများကို စစ်ဆေးပြီး ခြိမ်းခြောက်မှုများလည်း လုပ်ဆောင်သွားသည်ဟု သိရသည်။