မြိုင်မြို့နယ်အတွင်း 𝐌𝐲𝐚𝐢𝐧𝐠 𝐏𝐃𝐅 နှင့် PRA တို့ ပူးပေါင်ပြီး မိုင်းဆွဲ တိုက်ခိုက် 

မြိုင်မြို့နယ်အတွင်း 𝐌𝐲𝐚𝐢𝐧𝐠 𝐏𝐃𝐅 နှင့် PRA တို့ ပူးပေါင်ပြီး မိုင်းဆွဲ တိုက်ခိုက် 
အောက်တိုဘာ 28, 2021 | အခြားဒေသများ

မကွေးတိုင်းဒေသကြီး၊ မြိုင်မြို့နယ်အတွင်း ဒေသကာကွယ်ရေးအဖွဲ့များ ပူးပေါင်းပြီး   ယနေ့ အောက်တိုဘာလ(၂၈)ရက်နေ့ နံနက်ပိုင်းက အာဏာသိမ်းအဖွဲ့၏ ယာဉ်တန်းအား မိုင်းဆွဲ တိုက်ခိုက်ရာ အာဏာသိမ်းအဖွဲ့ဘက်က (၃)ဦးအထက် သေဆုံးကြောင်း သိရသည်။

ဒီတိုက်ခိုက်မှုဟာ တော်လှန်ရေးတိုက်ပွဲမှာ ကျဆုံးခဲ့တဲ့ 𝐌𝐲𝐚𝐢𝐧𝐠 𝐏𝐃𝐅 ခေါင်းဆောင်ကြီးအပါအဝင် ကျဆုံး ရဲဘော်များအတွက် လက်တုံ့ပြန် တိုက်ခိုက်မှုဖြစ်ပါတယ်။ ရှေ့ဆက်ကာ အကြမ်းဖက်စကစ ဒေါက်တိုင် ဘက်တော်သားများကို ဆက်လက်ချေမှုန်းတိုက်ခိုက်သွားမှာ ဖြစ်ပါတယ်။

ဟု မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဆိုသည်။

မြိုင်မြို့နယ်အတွင်း မြိုင် - ဗဟင်း - ခင်အေး လမ်းမပေါ်တွင် ယနေ့ ၂၀၂၁ခုနှစ် အောက်တိုဘာလ(၂၈)ရက်နေ့ နံနက်(၉)နာရီကျော်အချိန်က  အာဏာသိမ်းအကြမ်းဖက်အဖွဲ့မှ စီးလာသည့် ကားနှင့်ဆိုင်ကယ် ယာဉ်တန်းအား  မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏ ဇုံ(၂) တပ်ခွဲမှူး - ၃ ဗိုလ် 𝐂𝐫𝐨𝐬𝐬 , ဇုံ(၁) တပ်ခွဲမှူး -၁ ဗိုလ်ဘာဂျာ ,ဒုခွဲမှူး - ဗိုလ်ဓူဝံ, ဗိုလ်ဗျုဟာခေါင်းဆောင်သော ရဲဘော်များက မိုင်း(၁၀)လုံးဆွဲကာ တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

မိုင်းဆွဲ တိုက်ခိုက်ခံရမှုကြောင့် အာဏာသိမ်းအဖွဲ့ဘက်က သေဆုံးသူ (၃)ဦးမှ (၅)ဦးအထိရှိသည့် အပြင် ဒဏ်ရာရရှိသူလည်းရှိကြောင်းနှင့် ယာဉ်များလည်း ထိခိုက်ပျက်စီးမှုများရှိသည်ဟု သိရသည်။

မိုင်းဆွဲလိုက်သည့်အချိန်တွင် ပြည်သူ့တော်လှန်ရေးတပ်မတော်(PRA)မှလည်း အာဏာသိမ်းစစ်တပ်နှင့် အပြန်အလှန်ပစ်ခတ်သည့်အတွက် (၄၅)မိနစ်အကြာ တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

စစ်ကောင်စီဘက်မှ ကား/ဆိုင်ကယ်များဖြင့် လာရာလမ်းတွင် ပြည်သူ့တော်လှန်ရေးတပ်မတော်(PRA) နှင့် မြိုင်(PDF) တို့မှ စုပေါင်းပြီး မိုင်းဆွဲ/အပြန်အလှန်ပစ်ခတ်ကြခြင်းဖြစ်သည်။ ဖြစ်ပွားချိန် မိနစ်(၄၅)ခန့်ကြာ တိုက်ပွဲဖြစ်ခဲ့ပြီး တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွါနိုင်ခဲ့ပါသည်။

ဟု ပြည်သူ့တော်လှန်ရေး တပ်မတော်(PRA)က သတင်းထုတ်ပြန်ထားသည်။

စစ်ကိုင်းတိုင်းဒေသကြီး နှင့် မကွေးတိုင်းဒေသကြီးတို့တွင် အာဏာသိမ်းစစ်တပ်၏ အဖွဲ့များက နေ့စဉ် ယာဉ်များဖြင့် လူ/လက်နက် အင်အားဖြည့်ခြင်း၊ ကျေးရွာများအတွင် ဝင်ရောက် အကြမ်းဖက်ခြင်းများ ပြုလုပ်လေ့ရှိသည့်အတွက် ဒေသကာကွယ်ရေးတပ်ဖွဲ့များမှာ ပြောက်ကျားနည်းဖြင့် ကြားဖြတ်တိုက်ခိုက်မှုများ လုပ်ဆောင်နေရကြောင်း သိရသည်။