ကရင်ပြည်နယ် မြဝတီဒေသအတွင်း တရုတ်တို့၏ တရားမဝင်လောင်းကစားမှုများနှင့် ပတ်သက်ပြီး စွပ်စွဲခံထားရသည့် ကရင်အမျိုးသား အစည်းအရုံး(KNU)၏ ခေါင်းဆောင်တချို့နှင့် ပတ်သက်ပြီး အဖြစ်မှန်ကို ဖော်ထုတ်ရေး စုံစမ်းစစ်ဆေးရေးကော်မတီဖွဲ့စည်း စစ်ဆေးမည်ဟု သိရသည်။
၂၀၂၃ခုနှစ် ဩဂုတ်လ(၁၀)ရက်နေ့တွင် ပြုလုပ်သည့် KNU ဗဟို၏ ရက်(၁၀၀)ပြည့် သတင်းစာရှင်းလင်းပွဲတွင် KNU အထွေထွေအတွင်းရေးမှူး ပဒို စောတာဒိုမူးက ပြောဆိုသည်။
“အဖြစ်မှန်ကို ဖော်ထုတ်ရေး စုံစမ်းစစ်ဆေးရေး ကော်မတီကို ပထမဦးဆုံးသော ဗဟို အမြဲတမ်းကော်မတီကနေ ဖွဲ့စည်းတာဝန်ပေးလိုက်ပါတယ်။ အဖွဲ့ဝင်(၁၁)ဦးပါတဲ့ ဒီကော်မတီမှာ ခရိုင်(၇)ခုက အဖွဲ့ဝင်တစ်ဦးစီပါဝင်ပြီးတော့ တစ်နှစ်တစ်ကြိမ်အမြဲတမ်း ကျင်းပတဲ့ ဗဟိုအမြဲတမ်း ကော်မတီမှာ ရှာဖွေတွေ့ရှိချက်တွေကို အစီရင်ခံရမှာဖြစ်ပြီးတော့ အရေးကြီးရင် ကြီးသလို ဗဟိုအလုပ်မှုဆောင်ကော်မတီအဆင့်ကနေ အရေးပေါ်အ စည်းအဝေးခေါ်ပြီးတော့ ဆုံးဖြတ်ချက်ချနိုင်ပါတယ်။”ဟု ပဒို စောတာဒိုမူးကပြော သည်။
KNU ခေါင်းဆောင်များအနေဖြင့် ကရင်ပြည်နယ်အတွင်း ဒုစရိုက်လုပ်ငန်းလုပ်ကိုင်နေသည့် ရွှေကုက္ကိုမြို့သစ်ဟု ခေါ်သည့် တရုတ်မြို့သစ်စီမံကိန်း နှင့် ပတ်သက်ခြင်းရှိ၊ မရှိ၊ KNU ၏ စည်းမျဉ်း၊ စည်းကမ်းများကို ချိုးဖောက်မှုရှိ၊ မရှိဆိုသည်ကို အဆိုပါကော်မတီက စောင့်ကြည့် ထောက်လှန်း စုံစမ်းမည်ဖြစ်ကာ တွေ့ရှိသည့် အချက်များကို ဗဟိုအမြဲတမ်းကော်မတီ အစည်းအဝေးကို ပြန်လည်တင်ပြပြီး အစီရင်ခံရမည်ဖြစ်သည်ဟု သိရသည်။
“ကျွန်တော်တို့ကလည်း လိုအပ်တဲ့အချက်အလက်တွေကို ရှာဖွေနိုင်ဖို့အတွက် ဆောင်ရွက်ခဲ့ပါတယ်။ ကွန်ဂရက်မှာ ဒီကိစ္စကို အဖြစ်မှန်ဖြစ်ပေါ်ရေးအတွက် အမှန်ပါဝင် ပတ်သက်မယ်ဆိုလို့ရှိရင်လည်း ဘယ်အတိုင်းအတာအထိ ပါဝင်ပတ်သက်လဲဆိုတဲ့ ကိစ္စကို ရှာဖွေရမှာဖြစ်တဲ့အတွက်ကြောင့် ဒီကိစ္စတွေကလည်း ကျွန်တော်တို့အဖွဲ့အစည်း အနေနဲ့ လက်လှမ်းမီတဲ့အချက်တွေရှိသလို တချို့ဟာတွေလည်း လက်လှမ်းမမီနိုင်တဲ့ အချက် တွေရှိတဲ့အပေါ်မှာ အဖွဲ့အစည်းကို စုံစမ်းစစ်ဆေးရေးအဖွဲ့ဖွဲ့ပြီးတော့ ဒါကိုကွန်ဂရက် မှာ ဆုံးဖြတ်တယ်။”ဟု KNU ဥက္ကဌ ပဒိုစောကွယ်ထူးဝင်းကပြောသည်။
အဆိုပါ KNU အဖွဲ့အစည်းဝင်များအနေဖြင့် စည်းမျဉ်း၊ စည်းကမ်းချိုးဖောက်ခြင်းများ တွေ့သည်ဆိုပါက သက်ဆိုင်ရာတွေ့ရှိချက် အမျိုးအစားအပေါ်မူတည်ပြီး KNU ၏ ဖွဲ့ စည်းအပုံအခြေခံဥပဒေ၊ နည်းဥပဒေများအရလည်းကောင်း၊ KNU ၏ တရားရေးဆိုင်ရာ လုပ်ငန်းများအားဖြင့်လည်းကောင်း၊ KNU ဗဟိုများကော်မတီ သုံးသပ်ချက်များနှင့်သော် လည်းကောင်း အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
#TachileikNewsAgency