ကောလင်းမြို့နယ်အတွင်း အာဏာသိမ်းစစ်အုပ်စုက လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်၍ ဘုန်းကြီးကျောင်းဝန်းအတွင်းရှိ ဓမ္မာရုံ ပျက်စီး

Photo: Kawlin info
Photo: Kawlin info
ကောလင်းမြို့နယ်အတွင်း အာဏာသိမ်းစစ်အုပ်စုက လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်၍ ဘုန်းကြီးကျောင်းဝန်းအတွင်းရှိ ဓမ္မာရုံ ပျက်စီး

 

စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်အတွင်း ကျောက်ပြင်သာရွာကို အာဏာသိမ်းစစ်အုပ်စုက လေကြောင်းဖြင့် အကြောင်းမဲ့ ဗုံးကျဲတိုက်ခိုက်သည့်အတွက် ကျေးရွာတွင်း ဘုန်းကြီးကျောင်းဝန်းအတွင်းရှိ ဓမ္မာရုံ ပျက်စီးခဲ့ရကြောင်း သိရသည်။

  ၂၀၂၃ခုနှစ် ဇန်နဝါရီလ(၁၉)ရက်နေ့ ညနေပိုင်းတွင် အာဏာသိမ်းစစ်အုပ်စုက တိုက်လေယာဉ်ဖြင့် ကျောက်ပြင်သာရွာကို နှစ်ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

လေကြောင်းဖြင့် ဗုံးကြဲမှုကြောင့် လူထိခိုက်မှုမရှိသော်လည်း ဘုန်းကြီးကျောင်းအတွင်း ဓမ္မာရုံနှင့်ကျောင်းဆောင်မှာ ထိခိုက်ပျက်စီးခဲ့ရကြောင်း သိရသည်။

ယနေ့ ဇန်နဝါရီလ(၂၀)ရက်နေ့ နံနက် (၉)နာရီ(၄၅)မိနစ်အချိန်တွင်လည်း ကောလင်းမြို့နယ်၏ တောင်ဖက်အခြမ်း အင်ပင်သာကျေးရွာတွင် ကိုးတောင်ဘို့ဘက်က လာသည့် အာဏာသိမ်းစစ်အုပ်စုက နေအိမ်များကို မီးရှို့ဖျက်ဆီးနေလျှက်ရှိကြောင်းလည်း သိရသည်။ 

အာဏာသိမ်းစစ်အုပ်စုသည် စစ်ကိုင်းတိုင်းအတွင်း၌ ကုန်ကြောင်းအပြင် လေကြောင်းဖြင့်ပါ နေ့စဉ် ထိုးစစ်ဆင်နေပြီး ကျေးရွာများတွင်လည်း ဝင်ရောက် အကြမ်းဖက်စီးနင်းကာ ဒေသခံများကို ဖမ်းဆီးရိုက်နှက် စစ်ဆေးခြင်းများပြုလုပ်သည့်အပြင် နေအိမ်အတွင်း တန်ဖိုးရှိပစ္စည်းများကို ခိုးဝှက်ပြီးနောက် နေအိမ်များကို မီးရှို့ဖျက်ဆီးလေ့ရှိကြောင်း ဒေသခံများထံ က သိရသည်။