ထိုင်းနိုင်ငံ ဘန်ကောက်မြို့ကို ရောက်ရှိနေသည့် အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်အား ၎င်းတည်းခိုသည့် ဟိုတည်ရှေ့တွင် သွားရောက်ပြီး တစ်ကိုယ်တော် ဆန္ဒပြသည့် မြန်မာနိုင်ငံသားတစ်ဦး ထိုင်းရဲ၏ ဖမ်းဆီးခြင်းကို ခံနေရကြောင်း သိရသည်။
"မအလကို ဆန္ဒသွားပြရင်း ကျနော်ခဏအထိန်းအသိမ်းခံရပါတယ်။ စိတ်မပူကြပါနဲ့ မြန်မာပြည်တော့ခဏပြန်ပို့မယ်တဲ့။ အခုတောမောင်းဖုန်းခဏပေးသုံးပါ။"ဟု ၂၀၂၅ခုနှစ် ဧပြီလ(၄)ရက်နေ့ အကူး နံနက်(၁)နာရီဝန်းကျင်အချိန်က လူမှုကွန်ရက်ကနေ အသိပေးထားသည်ကို တွေ့ရသည်။
ဖမ်းဆီးခံထားရသည့် ကိုဖြိုးပိုင်နှင့် ပတ်သက်ပြီး ရှေ့နေတစ်ဦး၏ ပြောပြချက်ကို RIGHT NOW သတင်း က ဖော်ပြထားသည်။
“ကျနော်ထောက်လှမ်းရေးကို မေးတော့ ဟုတ်တယ်တဲ့ သူ့ကို ရဲတွေစစ်ဆေးနေတာတွေ့တယ်။ ကျနော့် အမြင်ပြောရရင် စစ်ဆေးဖို့ ခဏထိန်းသိမ်းထားတာလဲ ဖြစ်နိုင်တယ်။ ရဲစခန်းမှာ ၂၄ နာရီအထိနေခွင့်ရှိတယ်။ ကျနော်တို့ဟာ ထိုင်းမှာလှုပ်ရှားတဲ့ ဆန္ဒပြပွဲတွေမှာ ခေါင်းဆောင်လုပ်နေသူတွေဖြစ်ပါတယ်။ ဖမ်းဆီးပြန်ပို့တာမျိုးမရှိဖူးပါ၊ သူရှိတဲ့နေရာကို နေ့လည်ချိန်လောက်သွားတွေ့ပြီး အကြောင်းစုံကို ထပ်ပြောမယ်”ဟု RIGHT NOW သတင်း ကို ပြောကြောင်း ဧပြီလ(၄)ရက်နေ့ နံနက် (၁၀)နာရီဝန်းကျင်အချိန်က ဖော်ပြထားသည်ကို တွေ့ရသည်။
ကိုဖြိုးပိုင်သည် ၂၀၂၅ခုနှစ် ဧပြီလ(၃)ရက်နေ့ နံနက်(၁၁)နာရီဝန်းကျင်အချိန်ကလည်း အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်တည်းခိုမည့် ရှန်ဂရီလာဟိုတယ်ရှေ့တွင် ရိုက်ထားသည့် ပုံနှင့်အတူ "မအလရေ မင်းဘယ်မှာလဲ"ဟု ရေးသားကာ ၎င်း၏ Facebook စာမျက်နှာတွင် ဖော်ပြထားသည်ကိုလည်း တွေ့ရသည်။
ယနေ့ ဧပြီလ(၄)ရက်နေ့ နံနက်အစောပိုင်းကလည်း အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင် တည်းခိုနေသည့် ရှန်ဂရီလာဟိုတယ် နှင့် အနီးမဝေးရှိ တံတားပေါ်တွင် "We do not welcome Murder Min Aung Haing"စာတမ်း ချိန်ဆွဲထားသည်ကို ယနေ့ ၂၀၂၅ခုနှစ် ဧပြီလ(၄)ရက်နေ့ နံနက်ပိုင်းတွင် တွေ့ရကြောင်း ထိုင်းမီဒီယာများက ဖော်ပြကြသည်။