မိုင်းပျဉ်းမြို့နယ်အတွင်း စစ်ကောင်စီတပ်နှင့် လားဟူပြည်သူ့စစ် ပူးပေါင်းအဖွဲ့ တို့  RCSS နှင့် ထိတွေ့ တိုက်ပွဲ ဖြစ်ပွား

မိုင်းပျဉ်းမြို့နယ်အတွင်း စစ်ကောင်စီတပ်နှင့် လားဟူပြည်သူ့စစ် ပူးပေါင်းအဖွဲ့ တို့  RCSS နှင့် ထိတွေ့ တိုက်ပွဲ ဖြစ်ပွား
စက်တင်ဘာ 19, 2024 | 2021 Military Coup| ရှမ်းရှေ့

 ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသ၊ မိုင်းပျဉ်းမြို့နယ် ယမ်းခမ်းကျေးရွာအုပ်စုအတွင်း နားညောင်ကျေးရွာအနီးတွင် အာဏာသိမ်းစစ်ကောင်စီတပ် နှင့် လားဟူပြည်သူ့စစ် ပူးပေါင်းအဖွဲ့တို့က RCSS နှင့် နာရီဝက် နီးပါးကြာ ထိတွေ့ တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံက သိရသည်။

"ဒီနေ့  မြန်မာစစ်တပ်နဲ့ လားဟူပေါင်းပြီး  RCSS နဲ့ တိုက်ပွဲ အသေးလေး ဖြစ်တယ်။ လာတိုက်တာက မြန်မာစစ်တပ် နဲ့ လားဟူ ပြည်သူ့စစ်ပေါင်းပြီး လာတာ။ နာရီဝက်ခန့်ကြာတယ်"ဟု ဒေသခံ တစ်ဦးက Tachileik News Agency သို့ ပြောသည်။

အဆိုပါ ထိတွေ့တိုက်ပွဲမှာ ယနေ့ ၂၀၂၄ခုနှစ် စက်တင်ဘာလ(၁၉)ရက်နေ့ နံနက်(၁၁)နာရီ ဝန်းကျင်အချိန်က စပြီး နာရီဝက် နီးပါးကြာ  ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။

မိုင်းပျဉ်းမြို့နယ် ယမ်းခမ်းကျေးရွာအုပ်စုအတွင်း RCSS သွားလာလှုပ်ရှားနေသည်မှာ (၉)နှစ်နီးပါးရှိနေပြီး စစ်ကောင်စီတပ်နှင့် ထိတွေ့တိုက်ပွဲများမဖြစ်ပွားရန် ရှောင်ရှားခဲ့သော်လည်း ယခုအခါတွင် မည်သည့်အကြောင်းကြောင့် တိုက်ပွဲ ဖြစ်ပွားသည်ကိုတော့ မသိရကြောင်း ဒေသခံများက ဆိုသည်။



 

"နောက်ဆက်တွဲကတော့ RCSS က နောက်ဆုတ်သွားတယ်။ အနီးနားက ရွာသားတွေကတော့ ကြောက်လန့်လို့ ထွက်ပြေးကြတယ်။ ဒီတခါဘယ်လို ဖြစ်ပြီး ထိပ်တိုက်တွေ့လည်းတော့ မသိဘူး"ဟု ဒေသခံ တစ်ဦးက ပြောသည်။

ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသအတွင်း၌ စစ်ကောင်စီတပ်လက်အောက်ခံ လားဟူပြည်သူ့စစ်အဖွဲ့များစွာရှိပြီး အရန် နှင့် အမာခံအင်အားတွင် အရန်အင်အားက အမာခံထက် ပိုမိုများပြားကြောင်းနှင့် စစ်ကောင်စီတပ်သည် အင်အားလိုအပ်ပါက လားဟူပြည်သူ့စစ်များကို ခေါ်ယူအသုံးချလေ့ရှိကြောင်း သိရသည်။