လားရှိုးခရိုင်အတွင်းရှိ လိုင်စင်မဲ့ကားများကို လိုင်စင်ထုတ်ပေး  

လားရှိုးခရိုင်အတွင်းရှိ လိုင်စင်မဲ့ကားများကို လိုင်စင်ထုတ်ပေး  

ကိုးကန့်တပ်ဖွဲ့(MNDAA) သိမ်းပိုက်ထားသော အထူးဒေသ(၁) လားရှိုးခရိုင်အတွင်းရှိ လိုင်စင်မဲ့ကားများကို လိုင်စင်စတင်ပြုလုပ်ပေးနေပြီဖြစ်ပြီး ရှမ်းမြောက်တခွင် မောင်းနှင်နိုင်သည်ဟု MNDAA သတင်းအရင်းအမြစ်ထံမှ သိရသည်။  

လားရှိုးခရိုင်အတွင်းရှိ လိုင်စင်မဲ့ကားများကို လိုင်စင်ပြုလုပ်ပေးနိုင်ရန် ၂၀၂၄ခုနှစ် နိုဝင်ဘာလ (၃၀)ရက်နေ့နှင့် ဒီဇင်ဘာလ (၉)ရက်နေ့တို့တွင် ဆွေးနွေးကြပြီးနောက် လိုင်စင်မဲ့ကားများကို လားရှိုးမြို့အတွင်း ပြုလုပ်ပေးနေခြင်းဖြစ်သည်ဟု သိရသည်။

“လျှောက်လို့ရပါပြီ။ ဘယ်နေ့ဖြစ်ဖြစ်။ လာလျှောက်ရင် ဘာမှမလိုအပ်ဘူး။ လိုင်စင်ရရင် လိုင်းဆွဲခွင့်ရမယ်။ ဥပမာ လားရှိုးကနေ လောက်ကိုင်ကို။”ဟု MNDAA သတင်းအရင်းအမြစ်က Tachileik News Agency ကို ပြောသည်။

လိုင်စင်လျှောက်ထားပါက ကားအမျိုးအစားအပေါ်မူတည်ပြီး အနည်းဆုံး ယွမ်(၁၀၀၀)၊ (၁၂၀၀)မှ (၁၅၀၀)အထိ ကုန်ကျနိုင်သည်ဟုလည်း ဆိုသည်။ 

“နောင်ချိုကနေ လောက်ကိုင် မိုးကုတ် မိုးမိတ် အဲဒီလိုပေါ့ သွားလာခွင့်ရမယ်။ တအာင်းဒေသကိုလည်း သွားလာလို့ရမယ်။”ဟု ၎င်းက ဆက်ပြောသည်။

ပထမအကြိမ် အစည်းအဝေးကို MNDAA ဘက်က မြို့တော်ဝန်နှင့် ဘဏ္ဍာရေး ဒုဝန်ကြီးတို့တက်ပြီး လောက်ကိုင်ခရိုင်၊ မုံးကိုးခရိုင်၊ ချင်းရွှေဟော်၊ သိန္နီခရိုင်နှင့် လားရှိုးခရိုင် ကိုယ်စားပြု ကိုယ်စားလှယ်များလည်း တက်ရောက်သည်ဟု ဆိုသည်။

လောက်ကိုင်တွင် KK အက္ခရာဖြင့် လိုင်စင်များ ပြုလုပ်ပေးနေပြီဖြစ်ပြီး လားရှိုးတွင် SR-1 အက္ခရာဖြင့် ထွက်လာနိုင်သော်လည်း လိုင်စင်ပြုလုပ်ပေးမည့်အစီအစဉ်ကို မသိရှိသေးဟုလည်း ဒေသခံများက ပြောသည်။

“ဒါကတော့ လက်ရှိအုပ်ချုပ်သူရဲ့ စီမံပိုင်ခွင့်လို့မြင်ပါတယ်။ ယွမ်တစ်ထောင်ဆိုတာ ငွေကျပ် ၇ သိန်းလောက်ရှိတယ်။ ဒီကာလမှာ မလွယ်ဘူးထင်တယ်။”ဟု ဒေသခံတစ်ဦးက Tachileik News Agency ကိုပြောသည်။ 

လားရှိုးမြို့သည် တရုတ်နိုင်ငံနှင့် နီးစပ်သောကုန်သွယ်ရေးရှိပြီး တရုတ်နိုင်ငံ၏ အာဆီယံသို့ ကုန်သွယ်ရေး ဝင်ပေါက်လမ်းကြောင်းပေါ်မှ မြို့အဖြစ်လည်းဖြစ်သည်။

MNDAA က လားရှိုးမြို့ကို ပြီးခဲ့သည့် ဇူလိုင်လ (၂၅)ရက်နေ့တွင် ထိန်းချုပ်ခဲ့ပြီး ဩဂုတ်လ(၃)ရက်နေ့တွင် လားရှိုးမြို့ရှိ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်(ရမခ)တစ်ခုလုံးကို သိမ်းပိုက်ခဲ့ခြင်းဖြစ်သည်။

MNDAA က လားရှိုးမြို့ကို သိမ်းပိုက်လိုက်ပြီးနောက် တရုတ်ဘက်က ဖိအားပေးသည့်အနေဖြင့် မြန်မာ-တရုတ် နယ်စပ်ဂိတ်များအား ပိတ်ခြင်း၊ ကန့်သတ်ခြင်းများဖြင့် လားရှိုးမြို့သို့ ကုန်စည်အဝင်မခံတော့ပေ။

#TachileikNewsAgency

Photo: MNDAA တပ်ဖွဲ့ဝင်များ (ပုံဟောင်း)