တိုင်းပြည်တည်ဆောက်ရေးမလုပ်နိုင်ဘဲ တိုင်းဖျက် ပြည်ဖျက်ရန်ကို ပြည့်အင်အားဖြင့် ကြိုးစားကာကွယ်နေရသဖြင့် တည်ငြိမ်အေးချမ်းမှုအားနည်းပြီး ဖွံ့ဖြိုးတိုးတက်မှုနှင့် အလှမ်းဝေးနေဆဲဖြစ်နေဟု အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောဆိုသည်။
ယနေ့ ၂ဝ၂၅ ခုနှစ် မတ်လ(၁၉)ရက်နေ့တွင် ကျရောက်သည့် (၅၁)နှစ်မြောက် မွန်ပြည်နယ်နေ့အတွက် စစ်ခေါင်းဆောင်၏ ပေးပို့သဝဏ်လွှာတွင် ဖော်ပြထားသည်။
“မျက်မှောက်ကာလ မိမိတို့နိုင်ငံ၏ အခြေအနေမှာ တည်ဆောက်ရေးကို မလုပ်နိုင်ဘဲ တိုင်းဖျက်ပြည်ဖျက်ရန်ကို ပြည့်အင်အားဖြင့် ကြိုးစားကာကွယ်နေကြရသဖြင့် တည်ငြိမ်အေးချမ်းမှုအားနည်းပြီး ဖွံ့ဖြိုးတိုးတက်မှုနှင့် လှမ်းဝေးနေဆဲ ဖြစ်နေပါသည်။”ဟု စစ်ခေါင်းဆောင်က ပြောသည်။
စစ်ခေါင်းဆောင်သည် စစ်မှုထမ်းဥပဒေကိုပြဌာန်း၍ အပတ်စဉ်တစ်ခုလျှင် လူဦးရေ(၄၅၀၀)နှုန်းခေါ်ယူပြီး ရှေ့တန်းပို့နေရာ အပတ်စဉ်(၁၁)အထိရောက်ရှိနေပြီဖြစ်သည်။
ထို့အပြင် လမ်းသွားလမ်းလာ ပြည်သူများကိုလည်း ပေါ်တာဆွဲဖမ်းဆီး၍ တပ်သားသစ်အဖြစ်စုဆောင်းနေချိန်တွင် ပြည့်အင်အားဖြင့် တိုင်းပြည်ကို ကာကွယ်နေရသည်ဟု ပြောဆိုလာခြင်းဖြစ်သည်။
စစ်ခေါင်းဆောင်၏ သဝဏ်လွှာတွင် ယနေ့ဖြစ်ပေါ်နေသော ပဋိပက္ခများနှင့် လက်နက်ကိုင်အကြမ်းဖက်တိုက်ခိုက်မှုများမှာ နိုင်ငံရေးအမြင်မတူညီမှုများကို အခြေခံသကဲ့သို့ တသီးတခြားရပ်တည်လိုစိတ်နှင့် အတ္တအကျိုးစီးပွား ကိုသာ ရှေ့တန်းတင်နေကြခြင်းကြောင့်ဖြစ်သည်ဟု တော်လှန်ရေးအဖွဲ့များကို စွပ်စွဲအပြစ်ပုံချသည်။
နယ်မြေဒေသအသီးသီးတွင် ၎င်းတို့ လေတပ်၏ ဗုံးကြဲတိုက်ခိုက်မှုကို ဖုံးကွယ်ထားပြီး တိုင်းရင်းသားလက်နက်ကိုင်များနှင့် PDF များ၏တိုက်ခိုက်မှုများကြောင့် နိုင်ငံတော် အခြေခံအဆောက်အအုံများနှင့် ဒေသခံပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်များ ပျက်သုဉ်းကာ ဆင်းရဲဒုက္ခ ရောက်နေကြရသည်ဟုလည်း စွပ်စွဲထားသည်။
အကြမ်းဖက်မှုများ၏ နောက်ကွယ်တွင် ပြည်တွင်း၊ ပြည်ပမှ အမျိုးမျိုးသောပံ့ပိုးမှုများနှင့် သွေးထိုးလှုံ့ဆော်မှုများ ပါဝင်နေသည်ကိုလည်း သတိချပ်သင့်ပြီး စည်းလုံးညီညွတ်မှုပျက်ပြားရာမှ ဖြစ်ပေါ်လာသည့် ဆင်းရဲဒုက္ခ များအပေါ်တွင် သင်ခန်းစာယူကြရန် အချိန်အခါကျရောက်နေပြီဟုလည်း ဆိုသည်။
ယနေ့ လက်နက်ကိုင်တိုက်ပွဲများအား တိုင်းရင်းသားလက်နက်ကိုင်များနှင့် သက်ဆိုင်ရာအဖွဲ့အစည်းများ၊ ပတ်သက်သူများအနေဖြင့် ပြည်သူများဒုက္ခရောက်စေပြီး နိုင်ငံကိုအန္တရာယ်ကျရောက်စေမည့် လုပ်ရပ်များအား နိုင်ငံနှင့် ပြည်သူအကျိုးရှေးရှု၍ ရပ်တန့်ပေးကြရန် အသိပေးမှာကြားလိုသည်ဟုဆိုသော်လည်း ၎င်းတို့ဘက်က လေကြောင်းတိုက်ခိုက်မှုနှင့်အတူ ထိုးစစ်များကို ရပ်တန့်ခြင်းမရှိဘဲ အမျိုးမျိုး ခြိမ်းခြောက်ပြီး ရှေ့တန်း စစ်မြေပြင်သို့ စေလွှတ်ခံထားရသည့် ပြည်သူ့စစ်မှုထမ်းလူငယ်အရေအတွက်လည်း အများအပြားရှိနေသည်။
ယနေ့အချိန်သည် မြန်မာနိုင်ငံသည် ပြည်သူများ၏ လိုလားချက်နှင့်အညီ တရားမျှတခြင်း၊ လွတ်လပ်ခြင်း၊ တန်း တူညီမျှခြင်းဟူသည့် လောကပါလတရားများ ထွန်းကားရာ ဒီမိုကရေစီစနစ်ကိုကျင့်သုံးသည့် နိုင်ငံအဖြစ်သို့ စ တင်လျှောက်လှမ်းနေချိန်ဖြစ်သည်ဟုလည်း ဆိုသည်။
ဒီမိုကရေစီနိုင်ငံ ထူထောင်ရာတွင် နိုင်ငံသားအားလုံးအနေဖြင့် အသိဉာဏ်ပညာပြည့်ဝခြင်းတို့သည် မရှိမဖြစ်လိုအပ်မည်ဟုလည်း ပြည်သူကို တဆင့်နိမ့် ပြောဆိုထားပြန်သည်။