တရုတ်ကြက်ခြေနီက ငလျင်ဘေးသင့်ပြည်သူများကို ဖြန့်ဝေမည့်ပစ္စည်းများ မြန်မာကြက်ခြေနီကို ပေးအပ်ထား

တရုတ်ကြက်ခြေနီက ငလျင်ဘေးသင့်ပြည်သူများကို ဖြန့်ဝေမည့်ပစ္စည်းများ မြန်မာကြက်ခြေနီကို ပေးအပ်ထား

မြန်မာငလျင်ဘေးသင့်ပြည်သူများထံ ဖြန့်ဝေရန် ရွက်ဖျင်တဲများ အပါအဝင် အကူအညီပစ္စည်းများကို တရုတ်ကြက်ခြေနီက မြန်မာကြက်ခြေနီအသင်းထံ ပေးအပ်ထားပြီးဖြစ်ကြောင်း တရုတ် CRI သတင်းတွင် ဖော်ပြသည်။

တရုတ်နိုင်ငံ ကြက်ခြေနီအသင်း၏ ပထမအသုတ် အကူအညီပစ္စည်းများကို ယူနန်ပြည်နယ် လင်းချောင်းမြို့ရှိ ချင်းရွှေဟော် နယ်စပ်ဂိတ်မှတစ်ဆင့် မြန်မာနိုင်ငံအတွင်းသို့ သယ်ဆောင်ပြီး ဧပြီလ (၂)ရက်နေ့တွင် ငလျင်ဗဟိုချက်ဖြစ်နေရာ မန္တလေးမြို့သို့ ရောက်ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

တရုတ်နိုင်ငံ ကြက်ခြေနီအသင်းက ပထမအသုတ်အဖြစ် မြန်မာနိုင်ငံအား ပံ့ပိုးပေးသည့် အကူအညီပစ္စည်းများတွင် ရွက်ဖျင်တဲများ၊  စောင်များ၊ ခေါက်ချိုးကုတင်များနှင့် အိမ်ထောင်စု (၂,၀၀၀ )အတွက် အသုံးပြုနိုင်သည့် ပက်ကေ့ချ်များ အပါအဝင် ပစ္စည်းပေါင်း (၄,၉၀၀ )ကျော် ပါဝင်ကြောင်း သိရသည်။

မြန်မာနိုင်ငံသို့ ရောက်ရှိထားပြီးဖြစ်သည့် တရုတ်နိုင်ငံ ကြက်ခြေနီအသင်း၏ အပြည်ပြည်ဆိုင်ရာ ကယ်ဆယ်ရေးအဖွဲ့သည် ပစ္စည်းဖြန့်ဝေခြင်းနှင့် ယာယီအခြေချနေရာများ ဖွင့်လှစ်ခြင်းလုပ်ငန်းများတွင် ပူးပေါင်းကူညီမည်ဟု သိရသည်။

မတ်လ (၂၈)ရက်နေ့ ငလျင်ဒဏ်ပြင်းထန်စွာ ခံစားခဲ့ရသည့် မန္တလေး၊ စစ်ကိုင်းအပါအဝင် ဒေသအများအပြားတွင် ငလျင်လှုပ်ပြီး (၆)ရက်မြောက်နေ့အထိ အဆောက်အဦပျက်များအောက် ပိတ်မိနေသူများကို ရှာဖွေရေး အခက်အခဲများစွာ ရှိနေဆဲဖြစ်ပြီး နေအိမ်များတွင် နေထိုင်မရတော့သည့် အိမ်ထောင်စုပေါင်းများစွာမှာလည်း အစားအသောက် ၊ရေစသည့် လာရောက်လှူဒါန်းကြသည့် ပုဂ္ဂလိက အလှူရှင်များ၏ အကူအညီမှအပ ယာယီကယ်ဆယ်ရေးစခန်းအပါအဝင် လိုအပ်သည့်အကူအညီများ မရဘဲဖြစ်နေကြခြင်းဖြစ်သည်။

 

#TachileikNewsAgency