ရှမ်းပြည်နယ်အပါအဝင် တိုင်းနှင့်ပြည်နယ် ၁၂ ခုတွင် မိုးကြီး၊ လေပြင်းကျ၍ ရေကြီး၊ မြေပြိုခြင်းများ ဖြစ်နိုင်ကြောင်း မိုး/ဇလ ထုတ်ပြန်

ရှမ်းပြည်နယ်အပါအဝင် တိုင်းနှင့်ပြည်နယ် ၁၂ ခုတွင် မိုးကြီး၊ လေပြင်းကျ၍ ရေကြီး၊ မြေပြိုခြင်းများ ဖြစ်နိုင်ကြောင်း မိုး/ဇလ ထုတ်ပြန်
စက်တင်ဘာ 19, 2024 | အခြားဒေသများ

ရှမ်းပြည်နယ်အပါအဝင် တိုင်းနှင့်ပြည်နယ် (၁၂)ခုတွင် ၂၀၂၄ ခုနှစ် စက်တင်ဘာလ (၂၀)ရက်နေ့မှ (၂၅)ရက်နေ့အတွင်း မိုးကြီးလေပြင်းတိုက်ခြင်းနှင့်အတူ လျှပ်တပြက်ရေကြီးခြင်း၊ မြေပြိုခြင်းများ ဖြစ်နိုင်ကြောင်း မိုးဇလက ယနေ့ သတင်းထုတ်ပြန်သည်။

တောင်တရုတ်ပင်လယ်ပြင်မှ အပူပိုင်းမုန်တိုင်း “ဆိုးလစ်ခ်(SOULIK)”နှင့်ပတ်သက်၍ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ (၁၉)ရက်နေ့ နံနက် (၁၀)နာရီခွဲအချိန် အထူးမိုးလေဝသသတင်း ထုတ်ပြန်ထားခြင်းဖြစ်သည်။

ယနေ့ ညနေပိုင်းတွင် ဗီယက်နမ်ကိုဖြတ်ကျော်မည်ဟု ခန့်မှန်းထားသည့် အပူပိုင်းမုန်တိုင်း ဆိုးလစ်ခ်၏ အကြွင်းအကျန် တိမ်တိုက်များနှင့် လေပွေလှိုင်းသည် မြန်မာနိုင်ငံ အရှေ့တောင်ပိုင်းသို့ စက်တင်ဘာလ (၂၀)ရက်နေ့တွင် စတင်ဖြတ်ကျော်ပြီး အနောက်၊ အနောက်တောင်ဘက်သို့ ဆက်လက်ရွေ့လျားသွားကာ  ကပ္ပလီ ပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် လေဖိအားနည်းရပ်ဝန်းအဖြစ်သို့ ပြန်လည် အစပျိုး အားကောင်းလာနိုင်သည်ဟု ခန့်မှန်းထုတ်ပြန်ထားသည်။

အဆိုပါ လေပွေလှိုင်းအရှိန်ကြောင့် ရှမ်းပြည်နယ်၊  မန္တလေးတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း ၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် နေပြည်တော်တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ အချို့ဒေသများတွင် ဒေသ အလိုက် မိုးကြီးခြင်းများ၊ နေရာကွက်၍ မိုးကြီးခြင်းများနှင့် လေပြင်းတိုက်ခတ်ခြင်းများ ဖြစ်ပေါ်နိုင်ကြောင်း ထုတ်ပြန်ထားသည်။

မိုးသည်းထန်စွာရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ လျှပ်တစ်ပြက်ရေကြီးခြင်းနှင့် မြေပြိုခြင်းများဖြစ်ပေါ်နိုင်သဖြင့် ကုန်းမြင့်ဒေသအနီးတွင် နေထိုင်ကြသူများအနေဖြင့် မြေပြိုမှုအန္တရာယ်၊ မြစ်ငယ်၊ ချောင်းငယ်များအနီးတွင် နေထိုင်ကြသူများအနေဖြင့် ရေကြီး၊ ရေလျှံမှုများကို ကြိုတင်သတိပြုရှောင်ရှားနိုင်ရန်နှင့် ပြည်တွင်းရေကြောင်းသွားလာရေးနှင့် လေကြောင်း ပျံသန်းရေးအနေဖြင့်လည်း ကြိုတင်သတိပြုရန်ကိုလည်း နှိုးဆော်ထားသည်။

#TachileikNewsAgency