စစ်ကောင်စီ နည်းတူ KIO/KIA က အပစ်ရပ်မည်

စစ်ကောင်စီ နည်းတူ KIO/KIA က အပစ်ရပ်မည်

 မြေငလျင်ဘေးကူညီရေးအတွက် စစ်တပ်အပစ်ရပ်သည့် ကာလနည်းတူ ၂၀၂၅ ခုနှစ် ဧပြီလ (၂၂)ရက်နေ့အထိ   KIO/KIA အနေဖြင့် ထိုးစစ်ဆင်တိုက်ခိုက်မှုများ ရပ်ဆိုင်းမည်ဟု ကြေညာသည်။

အဆိုပါကာလအတွင်း KIO အနေဖြင့် ခုခံကာကွယ်ခြင်းမှအပ ထိုးစစ်ဆင် တိုက်ခိုက်မှုများကို ရပ်ဆိုင်းထားမည်ဖြစ်ဟု ဧပြီလ (၂)ရက်နေ့တွင် ထုတ်ပြန်သည်။

 စစ်ကောင်စီတပ်က ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ရိက္ခာပို့လာသည့် တရုတ်ကြက်ခြေနီယာဉ်တန်းကို ပစ်ခတ်မှုဖြစ်ပွားပြီးနောက် ငလျင်ဘေးကယ်ဆယ်ရေးအတွက် ဧပြီလ (၂)ရက်နေ့မှစ၍ (၂၂)ရက်နေ့အထိ အပစ်ရပ်ကြောင်း ထုတ်ပြန်ချက် ထုတ်သည်။

အဆိုပါထုတ်ပြန်ချက်၏ အပိုဒ်(၄)တွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် အခြားလက်နက်ကိုင်အဖွဲ့များအနေဖြင့် အများပြည်သူသုံးလမ်းများကို တိုက်ခိုက်ခြင်း၊ ဖျက်ဆီးခြင်း၊ ပြည်သူ့အသက်အိုးအိမ်စည်းစိမ်ကို ထိခိုက်ပျက်စီးစေခြင်း၊ လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ တပ်စခန်းများအား တိုက်ခိုက်ခြင်း၊ ဌာနချုပ်များအား တိုက်ခိုက်ခြင်း၊ အင်အားစုဆောင်းခြင်း၊ ပြင်ဆင်စုဖွဲ့ခြင်း၊ နယ်မြေချဲ့ထွင်ခြင်းမပြုရန် စစ်ကောင်စီ၏ ယာယီအပစ်ရပ်ထုတ်ပြန်ချက်တွင် ဖေါ်ပြထားသည်။

ယင်းထုတ်ပြန်ချက်စာပိုဒ်ပါ အချက်နှင့် ပတ်သက်၍ စစ်ကောင်စီ အပါအဝင် တိုက်ပွဲဆင်နွှဲနေသူအားလုံး အဆိုပါအချက်အား လိုက်နာရန်လိုအပ်ပြီး ပြန်လည်ထူထောင်ရေးမှာ ရေရှည်လုပ်ရမည်ဖြစ်ကြောင်း ကချင်လွတ်မြောက်ရေးတပ်မတော် - KIA ၏ ဒုတိယဗိုလ်ချုပ်ကြီး ဂွမ်မော်ကထောက်ပြထားသည်။

မြန်မာနိုင်ငံအလယ်ပိုင်းတွင် မတ်လ (၂၈)ရက်နေ့က အင်အားပြင်းငလျင်ဒဏ်ခံရပြီးချိန်တွင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG)က PDF တပ်ဖွဲ့များ ငလျင်ဘေးကူညီကြရန်နှင့် နှစ်ပတ်ကြာ ထိုးစစ်ရပ်နားသည်ဟု မတ်လ(၂၉)ရက်နေ့က ကြေညာခဲ့ခြင်းဖြစ်သည်။

ယင်းနောက် ညီနောင်မဟာမိတ်သုံးဖွဲ့ ဖြစ်သည့် MNDAA၊ AA နှင့် TNLA တို့က ငလျင်ဘေးကယ်ဆယ်ရေးအတွက် ဧပြီလ (၃၀)ရက်နေ့အထိ အပစ်ရပ်သည်ဟု ဧပြီလ (၁)ရက်နေ့တွင် ကြေညာထားခဲ့ခြင်းဖြစ်သည်။

တိုက်ပွဲဆင်နွှဲနေသူ အဘက်ဘက်က ငလျင်ဘေးကူညီရေးအတွက် ယာယီအပစ်ရပ်များ အသီးသီး ကြေညာနေကြချိန်တွင် စစ်ကောင်စီသည် လေကြောင်းတိုက်ခိုက်မှုများ အပါအဝင် ကချင်ပြည်နယ်တွင်း တိုက်ခိုက်မှုများကို ဆက်လက်လုပ်ဆောင်နေခဲ့ပြီးနောက် ဧပြီလ (၂)ရက်နေ့တွင် ယာယီအပစ်ရပ် ထုတ်ပြန်လာခြင်းဖြစ်သည်။