တပ်ပြင်ပတွင် နေထိုင်နေသည့် တပ်မတော်သား မိသားစုဝင်များအနေဖြင့် မဲဆန္ဒရှင်စာရင်းများကို သွားရောက် ကြည့်ရှုစစ်ဆေးကြရန် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ဩဂုတ်လ(၈)ရက်နေ့တွင် အသိပေးနှိုးဆော်ထားရှိသည်။
တပ်မတော် ဌာနချုပ်၊ တပ်ရင်း၊ တပ်ဖွဲ့အသီးသီးရှိ တပ်တွင်းနေ တပ်မိသားစုဝင်များ၏ မဲဆန္ဒရှင်စာရင်းများ ကပ်ထားကြေငြာထားမှုကို တပ်မတော်သားများ၊ မိသားစုဝင်များက သွားရောက်ကြည့်ရှု စစ်ဆေးမှုများ ဆောင်ရွက်လျက်ရှိသော်လည်း တပ်ပြင်ပတွင် နေထိုင်သူ တပ်မတော်သားမိသားစုဝင်များ အနေဖြင့် မဲဆန္ဒရှင် စာရင်းများကို သက်ဆိုင်ရာ နေရာအလိုက် သွားရောက် ကြည့်ရှုနိုင်ရန် မှားယွင်းနေသည်ကို တွေ့ရှိရပါက ပြင်ဆင်နိုင်ရန် အသိပေးနှိုးဆော်ခြင်း ဖြစ်ကြောင်း သိရသည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က မဲဆန္ဒရှင် စာရင်းများကို ၂၀၂၀ခုနှစ် ဇူလိုင်လ(၂၅)ရက်နေ့ ကစ၍ ဩဂုတ်လ(၇)ရက်နေ့အထိ ကပ်ထားခဲ့ပြီး မဲစာရင်း အမှားအယွင်းများရှိနေသည့်အတွက် အချိန်ယူပြင်ဆင်နိုင်ရန် မဲဆန္ဒရှင်စာရင်း ကြည့်ရှုခြင်း နှင့် ပြင်ဆင်ခြင်းများကို ပြုလုပ်နိုင်ရန် ဩဂုတ်လ(၁၄)ရက်နေ့အထိ ထပ်တိုးပေးထားခြင်းဖြစ်၍ အသက်(၁၈)နှစ်ပြည့်ပြီးသည့် မြန်မာနိုင်ငံသားအားလုံး မဲစာရင်းကို သွားရောက် ကြည့်ရှု့ရမည်ဖြစ်သည်။
Tachileik News Agency