တောင်ပိုင်းတိုင်းစစ်ဒေသက ဧပြီလအတွင်း ဖာပွန်မြို့အပါအဝင် တပ်ရင်း ၃ ရင်းနှင့် ဗျူဟာတစ်ခုကို သိမ်းပိုက်ထား

တောင်ပိုင်းတိုင်းစစ်ဒေသက ဧပြီလအတွင်း ဖာပွန်မြို့အပါအဝင် တပ်ရင်း ၃ ရင်းနှင့် ဗျူဟာတစ်ခုကို သိမ်းပိုက်ထား

တောင်ပိုင်းစစ်ဒေသအတွင်း ဖာပွန်မြို့မြို့နှင့် သင်္ကန်းညီနောင်ရှိ ခမရ (၃၅၅)၊ ခမရ (၃၅၆)နှင့် ခမရ (၃၅၇) တပ်ရင်းများနှင့် ဗျူဟာကုန်းအား ၂၀၂၄ ခုနှစ် ဧပြီလတွင် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း တောင်းပိုင်းတိုင်းစစ်ဒေသထံမှ သိရသည်။

အဆိုပါစခန်းများအပါအဝင် စခန်းသိမ်းတိုက်ပွဲ (၅)ကြိမ်၊ စစ်ကောင်စီတပ်နှင့် ထိတွေ့တိုက်ပွဲပေါင်း (၇၁)ကြိမ်၊ စစ်ကောင်စီတပ်များ အထိုင်ချတပ်စွဲထားသော စခန်းများနှင့် စစ်ကြောင်းများကို ဒရုန်းဖြင့် တိုက်ခိုက်မှု (၃၃၆)ကြိမ်၊ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်မှု (၁၁)ကြိမ်၊ စနိုက်ပါဖြင့် ပစ်ခတ်တိုက်ခိုက်မှု (၁၃)ကြိမ်၊ မိုင်းဆွဲတိုက်ခိုက်မှု (၁၅)ကြိမ်၊ စစ်ကောင်စီ ဒေါက်တိုင်များကို ရှင်းလင်းတိုက်ခိုက်မှု (၇) ကြိမ် တို့ကို မဟာမိတ်များနှင့် ပူးပေါင်းလုပ်ဆောင်ခဲ့သည်ဟု သိရသည်။ 

ဧပြီလအတွင်း တိုက်ပွဲများတွင် စစ်‌ကောင်စီတပ်သား (၄၃၀)ဦး သေဆုံးပြီး၊ (၂၄၁)ဦး ဒဏ်ရာရကာ စစ်ကောင်စီမှ သတင်းပေးထားသော ဒလန်နှင့် လက်နက်ချ အညံ့ခံသူများအပါအဝင် (၅၇)ဦးကို သုံ့ပန်းအဖြစ် ဖမ်းဆီးရမိခဲ့သည်ဟု ဆိုသည်။

ထို့အပြင် ရန်သူ့ခဲယမ်းလက်နက်မျိုးစုံနှင့် ကျည်အမြောက်အများကိုလည်း သိမ်းဆည်းရရှိခဲ့ပြီး ပြည်သူ့ကာကွယ်ရေးတပ်မတော်နှင့် မဟာမိတ်များဘက်မှ ရဲဘော် (၃၂)ဦး ကျဆုံးကာ (၁၃၄)ဦး ထိခိုက်(မစိုးရိမ်ရ)ဒဏ်ရာ ရရှိခဲ့သည်ဟု သိရသည်။

တိုက်ပွဲကာလအတွင်း စစ်ကောင်စီက ပြည်သူများနေထိုင်ရာကျေးရွာများအတွင်းသို့ ပစ်ခတ်ခြင်း၊ လေကြောင်းမှ တိုက်ခိုက်ခြင်းများနှင့် ပြည်သူများအား အကြောင်းမဲ့ဖမ်းဆီးသတ်ဖြတ်ခြင်းများကြောင့် ပြည်သူ (၄)ဦး သေဆုံးပြီး (၃၀)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

လက်ရှိအချိန်တွင် တောင်ပိုင်းစစ်‌ဒေသအနေဖြင့် တိုက်ခိုက်သိမ်းပိုက်ထားသော ဖာပွန်မြို့အပါအဝင် ဗျူဟာကုန်းများကို ဆက်လက်ထိန်းချုပ်ထားသည်ဟု သိရသည်။

ထို့အပြင် မြဝတီ-ကော့ကရိတ် အာရှလမ်းတလျှောက်အား ပြန်လည်ထိန်းချုပ်ရန် သာလွန်အင်အားဖြင့် စစ်ကြောင်းထိုးလာသော တပ်မ(၅၅)နှင့် စကခ (၁၂)လက်အောက်ခံတပ်များကို လမ်းတလျှောက် တားဆီးပိတ်ဆို့ တိုက်ခိုက်နေသည်ဟုလည်း ထုတ်ပြန်ထားသည်။

တိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNU(KNLA)နှင့် Force For Federal Democracy(FFD)၊ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA) မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များက လုပ်ဆောင်ခဲ့ခြငဖြစ်ကြောင်း သိရသည်။

#TachileikNewsAgency