ဆီဆိုင်မြို့ရှိ ဒေသခံများအတွက် လူကယ်ပြန်က ထောက်ပံ့သည့်ဆန်များကို အုပ်ချုပ်ရေးမှူးများက ဖြတ်စား 

ဆီဆိုင်မြို့ရှိ ဒေသခံများအတွက် လူကယ်ပြန်က ထောက်ပံ့သည့်ဆန်များကို အုပ်ချုပ်ရေးမှူးများက ဖြတ်စား 

ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဆီဆိုင်မြို့နယ်တွင် ဒေသခံများအတွက် စစ်ကောင်စီ၏ လူကယ်ပြန်ဝန်ကြီးဌာနကပေးသည့် ဆန်များကို ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ဖြတ်ယူထားကြသည့်အတွက် လက်ရှိတွင် ရေဘေးကြောင့် ဆန်ပေးခြင်း အစီအစဉ်ရပ်ထားခြင်းကြောင့် အကူအညီလိုအပ်နေကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။

တိုက်ပွဲများကြောင့် ပျက်စီးဆုံးရှုံးသွားကာ နေရပ်စွန့်ခွာ တိမ်းရှောင်ပြီးနောက် ပြန်လည်ဝင်ရောက်လာသည့် ဒေသခံများကို ဇူလိုင်လနှင့် ဩဂုတ်လတို့တွင် တစ်ဦးလျှင် တစ်ရက် ဆန်(၂)ဗူးနှုန်းဖြင့် တစ်လလျှင် ဆန်(၆)ပြည်နှင့် (၄)ဗူးနှုန်း ရပ်ကွက်အုပ်ချုပ်ရေးမှူးများမှတဆင့် ပေးသော်လည်း ၎င်းတို့က တစ်ဦးလျှင် ဆန်(၆)ပြည်သာပေးသည်ဟု ဆိုသည်။

“အရင်က လူကယ်ပြန်အဖွဲ့က ဆန်ထောက်ပံ့တယ်။ သက်ဆိုင်ရာရပ်ကွက် အုပ်ချုပ်ရေးမှူးတွေ ဖြတ်စားတာ။ သူတို့အမျိုးတွေကိုပဲ ဦးစားပေးတာ။ တစ်လတစ်ကြိမ်ခေါ်ပေးပြီး လူတစ်ဦးအပေါ် (၄)ဗူးဖြတ်စားတာ။ အိမ်မီးလောင်သွားသူအချို့ဆို ထောက်ပံ့ငွေ မရကြပါဘူး။ ပေးဝေသူနဲ့ နီးစပ်တဲ့သူတွေကတော့ အပြည့်အဝရကြပါတယ်။”ဟု ဒေသခံတစ်ဦးက Tachileik News Agency ကို စက်တင်ဘာလ(၃၀)ရက်နေ့တွင် ပြောသည်။

လက်ရှိတွင် ဆီဆိုင်မြို့၌ တိမ်းရှောင်နေရသည့် ဒေသခံတစ်ဝက်ကျော် ပြန်လည်ရောက်ရှိ နေထိုင်နေပြီဖြစ်ပြီး ဆန်ကို ရပ်ကွက်အလိုက် ရပ်ကွက်အုပ်ချုပ်ရေးမှူးများမှတဆင့် ခွဲတမ်းယူကာ ရပ်ကွက်အတွင်း ပြန်လည်ပေးဝေခြင်းဖြစ်သည်ဟု သိရသည်။

“အိမ်မီးထဲပါသွားတယ်။ သူများတွေ အိမ်ပြာကျတော့ ထောက်ပံ့ငွေ (၁၀)သိန်းရတယ်။ ဈေးဆိုင်လည်း မီးလောင်လို့ ပိုင်ရှင်တစ်ဦးထဲ သိန်း(၂၀)ရတဲ့သူရှိတယ်။ အုပ်ကြီးတွေနဲ့နီးစပ်သူတွေရတာ။ ကျွန်တော်တို့မရဘူး။”ဟု ဒေသခံတစ်ဦးက ပြောသည်။

လက်ရှိတွင် လူကယ်ပြန်ကပေးသည့် ဆန်များကို ရေဘေးသင့်ပြီးနောက်ပိုင်း ပြန်လည်ပေးဝေခြင်းမရှိတော့သဖြင့် ဒေသခံများ အကူအညီလိုအပ်နေသည်ဟု ဆိုသည်။

 

“ကျွန်တော်တို့ ဆီဆိုင်မြို့ဆိုရင် ကိုယ့်မြို့၊ ကိုယ့်ရွာမို့ နေစရာအခြားမရှိ ပြန်လာသူတွေထဲက အခြေခံလူတန်းစားတွေ လုပ်ငန်းလည်ပတ်မှု မရှိသေးပါဘူး။ မရှိဆင်းရဲသား အလုပ် မလုပ်နိုင် မှီခိုများတဲ့အိမ်တွေ ငတ်နေကြပါပြီ။ ရေဘေး မဖြစ်ခင်တုန်းကတော့ စေတနာရှင်ရှိပါသေးတယ်။ ရေဘေးဖြစ်လာတော့ ရေဘေးဒုက္ခသယ်တွေကိုပဲ ‌စေတနာရှင်ရောက်သွားတာပါ။”ဟု ဒေသခံတစ်ဦးက ဆက်ပြောသည်။

ဆီဆိုင်မြို့သည် တိုက်ပွဲကြောင့် နေအိမ်နှင့် မြို့မဈေးတို့ မီးလောင်သွားပြီး ဒေသခံအများအပြား ထွက်ပြေးတိမ်း ရှောင်ခဲ့ကြရသည်။

#TachileikNewsAgency