အမာခံသတင်းပေးပို့သူ ဖရဲသီး များကို အသက်ဘေးလွတ်ရာသို့ ဆက်တိုက်ရွှေ့ပြောင်း စောင့်ရှောက်ပေးနေပြီး အမာခံ သတင်းပေးပို့သူများအား ထပ်မံဖိတ်ခေါ်ကြောင်း  ပြည်သူ့ရင်ခွင် ကြေညာ

အမာခံသတင်းပေးပို့သူ ဖရဲသီး များကို အသက်ဘေးလွတ်ရာသို့ ဆက်တိုက်ရွှေ့ပြောင်း စောင့်ရှောက်ပေးနေပြီး အမာခံ သတင်းပေးပို့သူများအား ထပ်မံဖိတ်ခေါ်ကြောင်း  ပြည်သူ့ရင်ခွင် ကြေညာ

အမာခံသတင်းပေးပို့သူ ဖရဲသီး (PreCDM)များကို အသက်ဘေးလွတ်ရာသို့ ဆက်တိုက်ရွှေ့ပြောင်း စောင့်ရှောက်ပေးနေကြောင်းနှင့် အမာခံသတင်းပေးပို့သူများအား ထပ်မံဖိတ်ခေါ်ကြောင်း ပြည်သူ့ရင်ခွင်အဖွဲ့မှ ၂၀၂၄ ခုနှစ် အောက်တိုဘာလ (၁၁) ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

အမာခံသတင်းပေးပို့သူ ဖရဲသီး အဖြစ် တာဝန်ထမ်းဆောင်နေကြသည့် တပ်၊ ရဲနှင့် ဝန်ကြီးဌာန အသီးသီးမှ ပြည်သူ့ဘက်တော်သား နိုင်ငံ့ဝန်ထမ်းများသည် စစ်ကောင်စီအတွင်းစည်းမှနေ၍ လုံခြုံရေးအရ စိုးရိမ်ဖွယ်ရာကောင်းသော အခြေအနေကို အစဉ်အမြဲရင်ဆိုင်နေရကြောင်း ပြည်သူ့ရင်ခွင် အဖွဲ့က ဆိုသည်။

ထိုသို့ရင်ဆိုင်နေရသော်လည်း ၎င်းတို့၏ တာဝန်နှင့် ရာထူးအရ သိရှိလာသော တပ်/ဌာနတွင်း သတင်းများကို တာဝန်ကျေပွန်စွာ ပေးပို့မှုကြောင့် တော်လှန်ရေးအတွက် များစွာအထောက်အကူပြုလျက်ရှိကြောင်း သိရသည်။

အမာခံသတင်းပေးပို့သူ ဖရဲသီး အဖြစ် တာဝန်ထမ်းဆောင်နေကြသည့် တပ်၊ ရဲနှင့် ဝန်ကြီးဌာန အသီးသီးမှ နိုင်ငံ့ဝန်ထမ်းများအား ကာကွယ်ရေးဝန်ကြီးဌာန (MOD) ၏ အမာခံသတင်းပေးပို့သူများ ဖိတ်ခေါ်ခြင်းဆိုင်ရာ ကြေငြာချက်အမှတ် (၉ / ၂၀၂၂)၊ အပိုဒ် (၂)၊ အပိုဒ်ခွဲ (ဃ) ပါ အာမခံချက်အတိုင်း အပြည့်အ၀ အကာအကွယ်ပေးလျက်ရှိကြောင်း သိရသည်။

အထူးသဖြင့် စစ်ကောင်စီ အကျအဆုံးများနေသည့် စစ်ရေးပြင်းထန်သည့် ဒေသများကို စေလွှတ်ခံရမည့်  ပြည်သူ့ဘက်တော်သား အမာခံသတင်းပေးပို့သူ ဖရဲသီး များအား ကာကွယ်ရေးဝန်ကြီးဌာန MOD ၏ လက်အောက်ခံ တပ်ရင်းတပ်ဖွဲ့များ ၊ မိတ်ဘက်တော်လှန်ရေး အင်အားစုများနှင့် ပြည်သူ့ရင်ခွင်တို့ ပူးပေါင်း၍ အသက်ဘေးလွတ်ရာသို့ ကူညီရွှေ့ပြောင်း စောင့်ရှောက်ပေးလျှက်ရှိကြောင်း သိရသည်။

ရှေ့တန်းစစ်မျက်နှာပြင်များသို့ ရုတ်တရက်စေလွှတ်ခံလိုက်ရပြီး အချိန်မီ ရွှေ့ပြောင်းပေးနိုင်ခြင်း မရှိသည့် အမာခံသတင်းပေးပို့သူ ဖရဲသီး များကိုပင် ကာကွယ်ရေးဝန်ကြီးဌာန MOD နှင့် ပြည်သူ့ရင်ခွင်တို့အနေဖြင့် ရှေ့တန်းစစ်မျက်နှာမှ ခေါ်ထုတ်ခြင်းဖြစ်စေ၊ တိုက်ပွဲအတွင်း စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးခံရချိန်တွင်ဖြစ်စေ ၎င်းတို့၏ ကိုယ်ရေးအချက်အလက် ပေါက်ကြားစေမှုမရှိဘဲ အစွမ်းကုန်ကြိုးစားခေါ်ထုတ်၍ ပြည်သူ့ရင်ခွင်ခိုလှုံရေး အစီအစဉ်များနှင့်အညီ မိသားစုထံအသိပေး၍ ကောင်းမွန်စွာ စောင့်ရှောက်ထားကြောင်း ပြည်သူ့ရင်ခွင် အဖွဲ့က ဆိုသည်။

စစ်ကောင်စီ၏ ယုတ်မာရိုင်းစိုင်းမှုကို ကောင်းမွန်စွာနားလည်သော်လည်း လူမှုရေး ၊ စီးပွားရေးနှင့် အခြားအခြေအနေအရပ်ရပ်ကြောင့် စစ်ကောင်စီ၏လက်အောက်တွင် မလွှဲသာမရှောင်သာ တာဝန်ထမ်းဆောင်နေရသည့် တပ်၊ ရဲနှင့် ဝန်ကြီးဌာနအသီးသီးမှ နိုင်ငံဝန်ထမ်းများစွာရှိနေမည်ကို တော်လှန်ရေးအင်အားစုများအနေဖြင့် ကောင်းမွန်စွာသိရှိနားလည်ကြောင်း ပြည်သူ့ရင်ခွင် က အသိပေးထားသည်။

သို့ဖြစ်ပါ၍ အမာခံသတင်းပေးပို့သူများ ဖိတ်ခေါ်ခြင်းဆိုင်ရာ ကြေညာချက်သည် အထက်ပါ အခြေအနေများနှင့် ရင်ဆိုင်နေရသည့် နိုင်ငံ့ဝန်ထမ်းများအတွက် ပြည်သူလူထုနှင့် တသားတည်းရှိကြောင်း စိတ်ရင်းကို ပြသနိုင်မည့်အပြင် စစ်ကောင်စီကျရှုံးထွက်ပြေးချိန်တွင် လျော့ပေါ့ခွင့်ရနိုင်သည့် ပြစ်ဒဏ်များအား လျော့ပေါ့ကင်းလွတ်ခွင့်ရစေမည့် တခုတည်းသော အခွင့်အရေးအဖြစ် လမ်းဖွင့်ပေးထားခြင်းဖြစ်ရာ တပ်၊ရဲနှင့် ဝန်ကြီးဌာနအသီးသီးမှ နိုင်ငံဝန်ထမ်းများ သိရှိနားလည်နိုင်စေရန် ထပ်မံကြေညာခြင်းဖြစ်ကြောင်း အသိပေးထားသည်။

ပြည်သူ့ရင်ခွင် အဖွဲ့သည် တပ်နှင့်ရဲကို စွန့်ခွာလိုသူများအတွက် ကူညီဆောင်ရွက်ပေးနေသည့် လွတ်လပ်သည့် တော်လှန်ရေးအဖွဲ့အစည်းဖြစ်ပြီး ၊ NUG၊MOD ၏ မိတ်ဖက်အဖွဲ့အစည်းအနေဖြင့် ပြည်သူ့ရင်ခွင် ခိုလှုံခြင်းဆိုင်ရာ ကိစ္စရပ်များကို ပူးပေါင်းလုပ်ဆောင်နေသည့် အဖွဲ့တစ်ခုဖြစ်သည်။

#TachileikNewsAgency