တောင်ခမ်းရွာအနီးရှိ စစ်ကောင်စီအမြောက်တပ် ၉၀၂ ကို TNLA သိမ်း 

တောင်ခမ်းရွာအနီးရှိ စစ်ကောင်စီအမြောက်တပ် ၉၀၂ ကို TNLA သိမ်း 
စက်တင်ဘာ 5, 2024 | 2021 Military Coup| ရှမ်းမြောက်

ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့နယ် တောင်ခမ်းရွာအနီးရှိ စစ်ကောင်စီအမြောက်တပ် (၉၀၂)ကို တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)က ယနေ့ ၂၀၂၄ခုနှစ် စက်တင်ဘာလ (၅)ရက်နေ့တွင်သိမ်းပိုက်လိုက်ပြီဖြစ်ကြောင်း စစ်ရေးသတင်းအမြစ်ထံမှ သိရသည်။

တောင်ခမ်းရွာအနီးတွင် စစ်ကောင်စီ၏ တပ်စခန်း(၅)ခုရှိသည့်အနက် (၄)ခုကို TNLA က သိမ်းပိုက်ထားပြီးဖြစ်ကာ ကျန်ရှိနေသေးသည့် (၃၅၄) တပ်ရင်းကို ဆက်လက်ထိုးစစ်ဆင်နေသဖြင့် တိုက်ပွဲဆက်လက်ပြင်းထန်နေသည်ဟု သိရသည်။ 

“၉၀၂ တပ်ကိုသိမ်းလိုက်တာဟုတ်တယ်။ ကျန်တဲ့တပ်စခန်းတွေက ပြီးခဲ့တဲ့နေ့တွေကပဲ သိမ်းထားတာ။ ၃၅၄ တပ်တစ်ခုပဲကျန်တယ်။ လေကြောင်းကနေ စစ်ကောင်စီတပ်ဘက်က ဗုံးကြဲတာတွေရှိတယ်။ တိုက်ပွဲကတော့ လက်ရှိ ငြိမ်နေတယ်။”ဟု စစ်ရေးသတင်းအရင်းအမြစ်က Tachileik News Agency ကိုပြောသည်။

တောင်ခမ်းရွာရှိ စစ်ကောင်စီတပ်၏ အမြောက်တပ် ၂၀၆၊ ၃၅၄၊ ၄၀၆၊ ၉၀၂ တို့ကို TNLA က စစ်ဦးစီးမှူး ဒုတိယ ဗိုလ်မှူးကြီး တားမဝေါနှင့် တပ်မဟာမှူး (၆) ဒုတိယဗိုလ်မှူးကြီး တာမောရှန်တို့ဦးဆောင်ကာ စက်တင်ဘာလ ပထမပတ်ကစတင်၍ တိုက်ခိုက်နေသည့်ရုပ်သံကိုလည်း ယမန်နေ့ ညပိုင်းတွင် TNLA ဘက်ကထုတ်ပြန်သည်။

 

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သားများ တပ်စွဲထားသည့် ဘုရားကုန်းကို TNLA က သိမ်းပိုက်ထားသည်ကို တွေ့ပြီး စစ်ကောင်စီတပ်သား အများအပြားသေကာ လက်နက်ခဲယမ်းများလည်း သိမ်းဆည်းရရှိထားသည်ကို တွေ့ရသည်။ 

“အဲဒီဘုရားကုန်းက တပ်တွင်းထဲက ဘုရားကုန်းပါ။ ၃၅၄ လည်းရတော့မယ်။ ၃၅၄ မကျရေးအတွက် စစ် ကောင်စီဘက်က ဆက်လက်ခုခံနေတယ်။ အလုံးစုံမရသေးပါဘူး။ ဒီနေ့တော့ပြီးလောက်ပါပြီ။ ဝေဟင်ပစ်က ခပ်စိပ်စိပ်လာနေလို့ ထင်တိုင်းမဖြစ်သေးတဲ့အခြေအနေပါ။”ဟု ဒေသခံတစ်ဦးက ပြောသည်။

အခြေအနေအသေးစိတ်ကို TNLA ဘက်သို့ Tachileik News Agency က ဆက်သွယ်မေးမြန်းနေဆဲဖြစ်ပါသည်။

#TachileikNewsAgency