ဆောထိမြို့နယ်အတွင်းသို့ စစ်ကြောင်းထိုးဝင်ရောက်လာသည့် စစ်ကောင်စီတပ်မှ အရပ်သား ၁၅ ဦးအား လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်ခဲ့

ဆောထိမြို့နယ်အတွင်းသို့ စစ်ကြောင်းထိုးဝင်ရောက်လာသည့် စစ်ကောင်စီတပ်မှ အရပ်သား ၁၅ ဦးအား လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်ခဲ့
စက်တင်ဘာ 4, 2024 | 2021 Military Coup| အခြားဒေသများ

ကော်သူးလေအုပ်ချုပ်နယ်မြေ ညောင်လေးပင်ခရိုင် ဆောထိမြို့နယ်အတွင်းသို့ စစ်ကြောင်းထိုးဝင်ရောက်လာသည့် စစ်ကောင်စီတပ်မှ အရပ်သား (၁၅) ဦးအား လူသားဒိုင်းအဖြစ် ဖမ်းဆီးခဲ့ပြီး ၎င်းတို့၏ လက်နက်ငယ်ဖြင့် ပစ်ခတ်မှုကြောင့် အရပ်သား (၂) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း KNU ဗဟိုထံမှ သိရသည်။

ဆောထိမြို့နယ်အတွင်းသို့ စစ်ကြောင်းထိုးဝင်ရောက်လာသည့် အင်အား (၁၀၀)ခန့်ရှိသည့် စစ်ကောင်စီတပ် ခလရ (၅၇)၊ ခမရ (၃၄၉)၊ ခမရ(၃၅၀) နှင့် ခမရ (၅၈၄) ပူးပေါင်းတပ်သည် နွံအိုင် စက်လမ်းတွင် ရွှေလုပ်ကွက်၌ အလုပ်လုပ်ကိုင်သည့် ဒေသခံ (၁၀)ဦးနှင့် ကျောက်တန်းဂွင်၌ ရာဘာခြံလုပ်ငန်း လုပ်ကိုင်သည့် ပြည်သူ (၅) ဦးတို့အား စက်တင်ဘာလ  (၂) ရက်နေ့ မနက်ပိုင်းတွင် ဖမ်းဆီးခဲ့ကြောင်း သိရသည်။

ထို့နောက် အရပ်သားပြည်သူ စုစုပေါင်း (၁၅) ဦးအား လက်နက်ကြီးကျည်များ ထမ်းခိုင်းကာ လူသားဒိုင်းအဖြစ် အသုံးပြုပြီး မင်းလမ်းသံဆိပ်စခန်းအထိ ခေါ်ဆောင်သွားခဲ့ကာ ည (၈) နာရီခန့်တွင် ပြန်လည်လွှတ်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ စစ်ကောင်စီပူးပေါင်းတပ်သည် စက်တင်ဘာလ (၂) ရက်နေ့ ညနေ (၆)နာရီတွင် ကျောက်တန်းရွာမှ ဒေသခံ (၂) ဦးအား သေနတ်ဖြင့် ပစ်ခတ်ခဲ့ပြီး ပစ်ခတ်ခံရသူ (၂) ဦး ကျည်ထိမှန် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

စစ်တပ်အာဏာသိမ်းပြီးချိန်မှစ၍ သုံးနှစ်ကျော်ကာလအတွင်း စစ်ကောင်စီ၏ အရပ်သားများနေထိုင်သည့် ကျေးရွာများသို့ စစ်ကြောင်းထိုးခြင်း ၊ ရည်ရွယ်ချက်ရှိရှိ လက်နက်ကြီးနှင့်လေကြောင်းများဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းများကြောင့် ကော်သူးလေအုပ်ချုပ်နယ်မြေ ညောင်လေးပင်ခရိုင်အတွင်း ဒေသခံ (၄၃၀,၁၆၁)ဦး နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

#TachileikNewsAgency

Photo: KNU