မန္တလေးတိုင်း အောင်မြေသာစံမြို့နယ်ရှိ Sky Villa အဆောက်အဦး ငလျင်လှုပ်ခတ်မှုကြောင့် ပြိုကျမှုတွင် လူ (၄၃)ဦးကို ယနေ့ ၂၀၂၅ခုနှစ် မတ်လ (၂၉)ရက်နေ့ နေ့လယ် (၃)နာရီခွဲ အထိ ရှာဖွေကယ်ဆယ်ပေးထားနိုင်ပြီး (၉)ဦး သေဆုံးသည်ဟု မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ထံမှ သိရသည်။
စတင်ဖြစ်ပွားချိန်မှ ယခုအချိန်အထိ (၄၃)ဦးအား အသက်ရှင်လျက် ကယ်ဆယ်နိုင်ခဲ့ပြီး သေဆုံးသူ (၉)ဦးတို့၏ ရုပ်အလောင်းများအား ရှာဖွေတွေ့ရှိခဲ့ကာ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆက်လက်လုပ်ဆောင်နေသည်ဟု ဆိုသည်။
အဆောက်အဦးပြိုကျ၍ ပိတ်မိနေသူများအား ဗဟိုမီးသတ်သင်တန်းကျောင်းနှင့် ပြည်ဦးလွင်မြို့နယ် မီးသတ်စခန်းတို့မှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များသည် သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေခြင်းဖြစ်သည်ဟု ဆိုသည်။
မန္တလေးမြို့ အောင်မြေသာစံမြို့နယ်ရှိ Sky Villa Condo တွင် (၁၁)လွှာရှိသည့်အနက် (၄)လွှာမှာ မြေအောက်ကျွံဝင်သွားပြီး ပိတ်မိနေသူများရှိ၍ အကူအညီတောင်းခံနေခြင်းဖြစ်သည်။
ယနေ့ ၂၀၂၅ခုနှစ် မတ်လ(၂၈)ရက်နေ့တွင် လှုတ်ခတ်သည့် (၇.၇)အင်အားအဆင့်ရှိ ငလျင်ကြောင့် အောင်မြေသာစံမြို့နယ် လမ်း(၆၀)၊ (၂၂)လမ်းနှင့် (၂၃)လမ်းကြားရှိ (၁၁)ထပ်အမြင့်ရှိ Sky Villa Condo မှာ မြေအောက် ကျွံဝင်သွားခြင်းဖြစ်သည်။
စစ်ကောင်စီ၏ ယနေ့နေ့လယ်ပိုင်း ထုတ်ပြန်သောစာရင်းများအရ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ငလျင်ဒဏ်သင့်ခဲ့ရသည့် ဒေသများအားလုံး၌ သေဆုံးခဲ့ရသူ (၁၀၀၂)ဦး၊ ဒဏ်ရာရသူ (၂၃၇၆)ဦးနှင့် ပျောက်ဆုံးနေသူ (၃၀)ဦးရှိသည်ဟု ဖော်ပြသည်။
#TachileikNewsAgency
Photo: Myanmar Fire Services Department