ငလျင်ကြောင့် ရှေးဟောင်းအမွေအနှစ် အဆောက်အအုံများနှင့် ဘာသာရေးဆိုင်ရာ ဘုရားကျောင်းဆောင် ၈၀ ကျော်ခန့်ပျက်စီးဟု NUG ထုတ်ပြန်

ငလျင်ကြောင့် ရှေးဟောင်းအမွေအနှစ် အဆောက်အအုံများနှင့် ဘာသာရေးဆိုင်ရာ ဘုရားကျောင်းဆောင် ၈၀ ကျော်ခန့်ပျက်စီးဟု NUG ထုတ်ပြန်

ငလျင်ကြောင့် ရှေးဟောင်းအမွေအနှစ် အဆောက်အအုံများ၊ သက်တမ်းရင့် ဗလီများအပါအဝင် ဘာသာရေးဆိုင်ရာ ဘုရားကျောင်းဆောင် (၈၀)ကျော်ခန့် ပျက်စီးဆုံးရှုံးသွားသည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ အမွေအနှစ်ဆိုင်ရာ ကြားကာလ စီမံအုပ်ချုပ်မှုဗဟိုအဖွဲ့က ယနေ့ ၂၀၂၅ခုနှစ် မတ်လ(၂၉)ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

ငလျင်ကြောင့် မန္တလေး၊ အင်းဝ၊ အမရပူရ၊ ပုသိမ်ကြီး၊ ကျောက်ဆည်၊ စစ်ကိုင်းနှင့် ရှမ်းပြည်နယ်ရှိ သက်တမ်းရှည်ကြာပြီး အထင်ကရရှိသော ရှေးဟောင်းအမွေအနှစ် အဆောက်အအုံများ၊ ရှေးဟောင်းဗုဒ္ဓဘာသာ စေတီ၊ ပုထိုး၊ ဘုန်းကြီးကျောင်းများ၊ သာသနိကအဆောက်အအုံများ၊ သဘာဝအမွေအနှစ်များနှင့် မန္တလေးတိုင်း၊ ပဲခူးတိုင်း နှင့် နေပြည်တော်ရှိ သက်တမ်းရာချီရှိသော ဗလီများအပါအဝင် ဘာသာရေးကျောင်းများ ယခုအချိန်အထိ စုစုပေါင်း(၄၀)ကျော်ခန့် ပျက်စီးဆုံးရှုံးသည်ဟု ဆိုသည်။  

ထို့ပြင် မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံကဲ့သို့ ငလျင်သက်ရောက်ဒေသများတွင် မြန်မာနိုင်ငံသားများ၏ အသက်၊ အိုးအိမ်၊ စည်းစိမ်များ ပျက်စီးရခြင်းများကိုလည်း မြင်တွေ့သိရှိရသည်ဟု ဆိုသည်။ 

ငလျင်လှုပ်ပါက ထိခိုက်လွယ်အမျိုးအစားတွင်ပါဝင်သော ရှေးဟောင်းအမွေအနှစ်များ ပျက်စီးဆုံးရှုံးရလေ့ရှိသော်လည်း ယခုအကြိမ်ပျက်စီးဆုံးရှုံးမှုသည် အမွေအနှစ်ချစ်မြတ်နိုးသူတို့အတွက်၊ အစိမ်းရောင်စီးပွားရေးလုပ်ငန်းအတွက်၊ ငြိမ်းချမ်းရေးနှင့် သင့်မြတ်ချစ်ကြည်ရေး ထောက်ကူမှုများအတွက် ကြီးစွာသော ဆုံးရှုံးမှုဖြစ်သည်ဟုလည်း ထုတ်ပြန်ထားသည်။

ပျက်စီးသွားသော အမွေအနှစ်များအားလုံးအတွက် များစွာနှမြောဝမ်းနည်းကြောင်း၊ အစ္စလာမ်ဘာသာဝင်တို့၏ ဆုံးရှုံးမှုများနှင့် နိုင်ငံသားတို့၏ အသက်၊ အိုးအိမ်၊ စည်းစိမ်ပျက်စီးခြင်းအပေါ် လွန်စွာစာနာကြေကွဲကြောင်း၊ ပျက်စီးသွားသောအမွေအနှစ်များ နိုင်ငံတကာထုံးတမ်းများနှင့်အညီ ပြည်လည်ထူထောင်ရေးအတွက် ရရှိနိုင်သမျှသောနည်းလမ်းများနှင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။ 

မတ်လ(၂၈)ရက်နေ့ နေ့လယ်ပိုင်းတွင် စစ်ကိုင်းမြို့၏ အနောက်မြောက်ဘက် ၁၆ ကီလိုမီတာအကွာတွင် အင် အား ၇.၇ ပမာဏရှိ အလွန်အင်အားပြင်းသော ငလျင်လှုပ်ခတ်ခဲ့ပြီး ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယ၊ လာအို၊ ထိုင်း၊ မြန်မာ နှင့် တရုတ်နိုင်ငံတို့တွင် သက်ရောက်မှုများရှိခဲ့သည်။

ပထမကြိမ်ငလျင်လှုပ်ခတ်ပြီး ၁၂ မိနစ် ခန့်အကြာ စစ်ကိုင်းမြို့တောင်ဖက် ၁၈ ကီလိုမီတာခန့်အကွာ အင်းဝဒေသ တံတားဦးလေဆိပ်အနီးတွင် ဗဟိုပြု၍ အင်အား ၆.၄ ဖြင့် အတော်အသင့်အင်အားပြင်းသည့် ငလျင် နောက်ထပ်တစ်ကြိမ် ထပ်မံလှုပ်ခတ်ခဲ့ခြင်းဖြစ်သည်။

#TachileikNewsAgency

Photo:NUG