အုတ်တွင်းမြို့နယ် လှေဆွဲမြောင်းကျေးရွာတွင် ငလျင်ကြောင့် ပျက်စီးမှုရှိ

အုတ်တွင်းမြို့နယ် လှေဆွဲမြောင်းကျေးရွာတွင် ငလျင်ကြောင့် ပျက်စီးမှုရှိ

ပဲခူးတိုင်း အုတ်တွင်းမြို့နယ် လှေဆွဲမြောင်းကျေးရွာတွင် အင်အားပြင်းငလျင်လှုပ်ခတ်မှုကြောင့် နေအိမ်များ၊ လမ်းများနှင့် စာသင်ကျောင်းများ ပျက်စီးသွားသည်ဟု တောင်ငူခရိုင်အမှတ် ၂ တပ်ရင်း P23502 ထံမှ သိရသည်။

၂၀၂၅ခုနှစ် မတ်လ (၂၈)ရက်နေ့တွင် အင်အား (၇.၇) အဆင့်ရှိ ငလျင်လှုပ်ခတ်မှုကြောင့် အုတ်တွင်းမြို့နယ် လှေဆွဲမြောင်းကျေးရွာရှိ နေအိမ်(၂)လုံး (၁၀)ပေခန့် နှစ်ဝင်ပြီး နေအိမ်(၃)လုံး ပျက်စီးသည်ဟု သိရသည်။

ထို့အပြင် လမ်းများ (၂)ပေခန့် ကျိုးပြတ်သွားပြီး ဆိုင်ကယ်နှင့် ကားများ သွားလာမရတော့သည့် အခြေအနေ ဖြစ်သွားသည်ဟုလည်း ဆိုသည်။

ကျေးရွာ၏ အခြား ခြံမြေများ ကွဲအက်ခြင်း၊ နိမ့်ခြင်း၊ စာသင်ကျောင်းနံရံများ ပြိုကျခြင်း၊ ဘုရားကျောင်းကန်များ ပျက်စီးခြင်းအပြင် မြေအက်ကွဲကြောင်းများမှ ချော်ရည်ကဲ့သို့ နုံးအနှစ်များ ထွက်လာခြင်းကြောင့် ဒေသခံများ စိုးရိမ်ခဲ့ရသည်ဟု သိရသည်။

ယနေ့ နေ့လယ်ပိုင်းအထိ စစ်ကောင်စီက ကောက်ယူရရှိသော စာရင်းများအရ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ငလျင်ဒဏ် သင့်ခဲ့ရသည့် ဒေသများအားလုံး၌ သေဆုံးခဲ့ရသူ (၁၀၀၂)ဦး၊ ဒဏ်ရာရသူ (၂၃၇၆)ဦးနှင့် ပျောက်ဆုံးနေသူ (၃၀)ဦးရှိသည်ဟု သိရသည်။

မြန်မာနိုင်ငံအတွင်း ၂၀၂၅ခုနှစ် မတ်လ(၂၈)ရက်နေ့ မြန်မာစံတော်ချိန် နေ့လယ်(၁၂)နာရီ (၅၁)မိနစ် (၀၂)စက္ကန့် အချိန်က မန္တလေးမြေငလျင်စခန်းမှ အရှေ့မြောက်ဘက် (၂၁)ကီလိုမီတာခန့် ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း (မန္တလေးမြို့၏ အရှေ့ မြောက်ဘက် (၂၀) ကီလိုမီတာခန့်အကွာ)တွင် အင်အား ရစ်(ခ်)တာစကေး (၇.၇) အဆင့်ရှိသည့် အင်အားအလွန်ပြင်းထန် ငလျင်လှုပ်ခတ်သွားခြင်းဖြစ်သည်။

#TachileikNewsAgency

Photo:တောင်ငူခရိုင်အမှတ် ၂ တပ်ရင်း P23502