အင်အားပြင်း ငလျင်ကြောင့် ပျက်စီးသွားသည့် နေပြည်တော်လေဆိပ်နှင့် မန္တလေးလေဆိပ်တို့ကို ပိတ်ထားမည်ဖြစ်ကြောင်း သိရသည်။
ယနေ့ ၂၀၂၅ခုနှစ် မတ်လ(၂၈)ရက်နေ့ နေ့လယ်ပိုင်းတွင် လှုပ်ခတ်ခဲ့သည့် အင်အားပြင်းငလျင်ကြောင့် နေပြည်တော်လေဆိပ်နှင့် မန္တလေးလေဆိပ်တို့ ပျက်စီးသွားပြီ လေယာဉ်များ မပျံသန်းနိုင်တော့၍ ပိတ်ထားမည်ဖြစ်ကြောင်း သိရသည်။
ငလျင်ကြောင့် နေပြည်တော်လေဆိပ်၏ လေကြောင်းထိန်းသိမ်းရေးတာဝါ ကျိုးကျသွားပြီး တာဝန်ထမ်းဆောင်နေသည့် ဝန်ထမ်းအားလုံး သေဆုံးခဲ့ရသည်ဟု သိရသည်။
မန္တလေးလေဆိပ်တွင် အဆောက်အဦးနံရံများ ပြိုကျပျက်စီးသွားပြီး ခရီးသည်များလည်း လေယာဉ်ပြေးလမ်းအထိ ထွက်ပြေးခဲ့ကြရသည်။
MAI ၏ ထုတ်ပြန်ချက်တွင် ယနေ့မှစ၍ ထပ်မံအသိပေးချက် မထုတ်ပြန်မချင်း နေပြည်တော်နှင့် မန္တလေးကို ပျံသန်းပြေးဆွဲမည့် လေကြောင်းခရီးစဥ်များအားလုံးကို ဖျက်သိမ်းလိုက်သည်ဟု ထုတ်ပြန်ထားသည်။
ထို့အပြင် လက်မှတ်ဖြတ်ထားပြီးသည့် MAI ခရီးသည်များအနေဖြင့် လေဆိပ်များ ပြန်ဖွင့်အပြီး တပတ်အတွင်း ရက်ပြောင်းလဲမှု အခမဲ့ တစ်ကြိမ်ပြုလုပ်ခြင်း သို့မဟုတ် ပြန်အမ်းငွေအပြည့် ပြန်လည်ထုတ်ယူခြင်းများ ပြုလုပ်နိုင်သည်ဟု ဆိုသည်။
#TachileikNewsAgency