တန့်ဆည်မြို့နယ်ရှိ ပျူစောထီးစခန်းများကို တော်လှန်ရေးတပ်များ သိမ်းပိုက်ရရှိထား

တန့်ဆည်မြို့နယ်ရှိ ပျူစောထီးစခန်းများကို တော်လှန်ရေးတပ်များ သိမ်းပိုက်ရရှိထား

စစ်ကိုင်းတိုင်း တန့်ဆည်မြို့နယ်အတွင်းရှိ စစ်ကောင်စီလက်အောက်ခံ ပျူစောထီးစခန်းများကို တော်လှန်ရေးတပ်များက တိုက်ခိုက်သိမ်းပိုက်ပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိထားသည်ဟု အမှတ်-၅၂ ဗျူဟာ-People's Defence Force ထံမှ သိရသည်။

တန့်ဆည်မြို့နယ်တွင် စစ်ကောင်စီ၏ ကလေးမြို့ အခြေစိုက် ခြေမြန်တပ်ရင်း (ခမရ-၃၆၁)အပါအဝင် ၎င်းတို့၏ လက်အောက်ခံ ပြည်သူ့စစ်‌များနှင့် တော်လှန်ရေးတပ်များအကြား ၂၀၂၅ခုနှစ် မတ်လ(၄)ရက်နေ့မှ ယနေ့ မတ်လ (၂၇)ရက်နေ့အထိ ထိတွေ့တိုက်ပွဲများ ဖြစ်ပွားနေခြင်းဖြစ်သည်။

“သိမ်းဆည်းထားပြီးတဲ့ စခန်းတွေကတော့ ရန်သူ့လေကြောင်းအန္တရာယ်ကြောင့် ပြောပြခွင့်မပေးထားပါဘူးဗျ။ စစ်သုံ့ပန်းကတော့ ရဲတပ်ကြပ်ကြီး တစ်ဦး၊ ခမရ ၃၆၁ က တပ်သားသစ်တစ်ဦးတို့ ဖြစ်ပါတယ်ဗျ။”ဟု အမှတ်-၅၂ ဗျူဟာ-People's Defence Force မှ တာဝန်ရှိသူတစ်ဦးက Tachileik News Agency ကိုပြောသည်။

စစ်ကောင်စီတပ်ကို ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် (၁)စစ်ဒေသ၊ ဗျူဟာ-၅၂၊ ပေါ်ဦးစစ်ကြောင်း(PAW OO Column)၊ ပေါ်ဦး-၃ တို့က တိုက်ခိုက်နေခြင်းဖြစ်ပြီး တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား အနည်းဆုံး (၂၀)ဦး သေဆုံးသည်ဟု ဆိုသည်။

“သိမ်းဆည်းရမိ ခဲယမ်းအရေအတွက်ကတော့ တိုက်ပွဲကာလဖြစ်သည့်အတွက် စိစစ်ဆဲပါဗျ။ ယခုအချိန်ထိ တိုက်ပွဲဖြစ်နေပါတယ်ဗျ။”ဟု ၎င်းက ဆက်ပြောသည်။

ဖမ်းဆီးရမိသည့် စစ်သုံ့ပန်းများအား NUG ကာကွယ်ရေး၀န်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ စစ်ရုံးချုပ်(MOD)မှ ပြဌာန်းထားသည့် စစ်သုံံ့ပန်းဥပဒေနှင့်အညီ စစ်ဆေးနေသည်ဟု သိရသည်။

အသေးစိတ်အချက်အလက်များကိုမူ စစ်ကောင်စီ၏ လေကြောင်းရန်အန္တရာယ်ကြောင့် ထုတ်ဖော်ပြောဆိုနိုင်ခြင်းမရှိဟု သိရသည်။

#TachileikNewsAgency