ထိုင်းနိုင်ငံဘက်က ဖြတ်တောက်ရေးများ လုပ်လိုက်ခြင်းကြောင့် သင်္ခန်းစာများရသည်ဟု ကရင်ပြည်နယ် နယ်ခြား စောင့်တပ်(BGF)ပြောရေးဆိုခွင့်ရှိသူ ဒုတိယဗိုလ်မှူးကြီး နိုင်မောင်ဇော်က ပြောသည်။
“ထိုင်းနိုင်ငံက ကျွန်တော်တို့ကို ဖြတ်တောက်ရေးတွေ လုပ်လိုက်တဲ့အပေါ်မှာ ကျွန်တော်တို့ သင်္ခန်းစာတွေလည်း အများကြီးရသလို ရှေ့ဆက်သွားရမယ့် အရာတွေအတွက်လည်း တော်တော်လေးလဲ မြင်သွားတယ်ပေါ့နော်။”ဟု ဒုတိယဗိုလ်မှူးကြီး နိုင်မောင်ဇော်က Tachileik News Agency ကို ၂၀၂၅ခုနှစ် မတ်လ(၂၀)ရက်နေ့တွင် ပြောသည်။
ကရင်နယ်ခြားစောင့်တပ်(BGF) ထိန်းချုပ်နယ်မြေ မြဝတီမြို့တွင် ရွှေကုက္ကိုလ်မြို့သစ်၊ KK Park တို့ကို ထိုင်းနိုင်ငံ ဘက်က ၂၀၂၅ခုနှစ် ဖေဖော်ဝါရီလ(၅)ရက်နေ့ကစ၍ လျှပ်စစ်နှင့် စက်သုံးဆီများကို ဖြတ်တောက်လိုက်ခြင်းဖြစ် သည်။
ထိုင်းနိုင်ငံ၏ ဖြတ်တောက်ပိတ်ဆို့မှုကြောင့် မည်သည်ပုံစံမျိုးရှေ့ဆက်တည်ဆောက်ရမည်ဆိုသည်ကို အလင်းပြသွားသည်ဟုလည်း ၎င်းက ဆိုသည်။
“သူများအားကိုးနဲ့ ရပ်တည်ရတဲ့အပေါ်မှာ ကျွန်တော်တို့တွေ ဘယ်လိုပုံစံမျိုးဖြတ်သန်းခဲ့ရလဲဆိုတာ ဒါသင်္ခန်းစာ ယူစရာလေ။ မိမိနိုင်ငံ၊ မိမိပြည်နယ်၊ မိမိလူမျိုးတွေအတွက်ကို ဘယ်လိုပုံစံမျိုးရှေ့ဆက်တည်ဆောက်ရမလဲဆို တာ အလင်းပြသွားတယ်ပေါ့နော်။”ဟု ဒုတိယဗိုလ်မှူးကြီး နိုင်မောင်ဇော်က ပြောသည်။
မြဝတီဒေသတွင် ကျားဖြန့်လုပ်ငန်းနှင့်ဆက်စပ်၍ နိုင်ငံခြားသား(၈,၀၀၀)ကျော်ကို BGF က ရှာဖွေ ဖမ်းဆီး ထိန်းသိမ်းပြီးနောက် ယနေ့အထိ တရုတ်နိုင်ငံသား(၃,၆၆၄)ဦး အပါအဝင် နိုင်ငံခြားသား(၄,၈၉၀)ဦးကို ပြန်လည် လွှဲပြောင်းပေးလိုက်ပြီး ဖြစ်သည်ဟု ဆိုသည်။
လက်ရှိတွင် BGF က ထိန်းသိမ်းထားပြီး ပြန်လည်လွှဲပြောင်းပေးရန် ကျန်သည့် နိုင်ငံသားများအနက် တရုတ်နိုင်ငံသား (၁,၄၀၀)ကျော် ကျန်ရှိနေသေးကြောင်းလည်း သိရသည်။