ပုသိမ်ကြီးမြို့နယ်တွင် ပါဆယ်လာပို့သည်ဟုဆိုကာ နေအိမ်တွင်းဝင်၍ ဓားပြတိုက်သွား

ပုသိမ်ကြီးမြို့နယ်တွင် ပါဆယ်လာပို့သည်ဟုဆိုကာ နေအိမ်တွင်းဝင်၍ ဓားပြတိုက်သွား

မန္တလေးတိုင်း ပုသိမ်ကြီးမြို့နယ် ရန်ကင်းသာယာရပ်ကွက်တွင် ပါဆယ်လာပို့သည်ဟုဆိုကာ အိမ်ထဲဝင်ဓားပြတိုက်မှု ၂၀၂၅ခုနှစ် မတ်လ (၁၁)ရက်နေ့ ညနေပိုင်းကဖြစ်ပွားသည်ဟု ဒေသခံများထံမှ သိရသည်။

ယမန်နေ့ ညနေ(၄)နာရီခွဲကျော်က အမျိုးသမီးတစ်ဦး ဦးဆောင်သည့် အမျိုးသားနှစ်ဦးပါ ဓားပြအဖွဲ့သည် ပစ္စည်းလာပို့၍ လက်ခံရရှိကြောင်း လက်မှတ်ထိုးစေခိုင်းပြီးနောက် သေနတ်၊ ဓားများဖြင့် နေအိမ်တွင်း ဝင်ရောက်ဓားပြတိုက်သည်ဟု ဆိုသည်။

“ရန်ကင်းသာယာ ဓမ္မာရုံနားမှာဖြစ်သွားတာလို့ သိရတယ်။ ပါဆယ်လာပို့တာဆိုပြီး ပစ္စည်းလက်ခံရရှိကြောင်း လက်မှတ်ထိုးခိုင်းတော့ အိမ်ထဲဝင်ရေးနေတာ အဖေဖြစ်သူကို ခေါင်းကိုထုတယ်။ အမေနဲ့ သမီးကိုတော့ လက်ပြန်ကြိုးတွေတုပ်ပြီး ပါးစပ်ကိုတိတ်နဲ့ကပ်ထားတယ်လို့ သိရ တယ်။”ဟု ဒေသခံတစ်ဦးက Tachileik News Agency ကိုပြောသည်။

ထို့နောက် အိမ်ရှင်မိသားစုက တောင်းပန်ရာက သတ်ဖြတ်မသွားဘဲ ရွှေထည်ပစ္စည်းများနှင့် ငွေသား(၁၀)သိန်းကျပ်ကို ဓားပြတိုက်ယူသွားသည်ဟု သိရသည်။

ဓားပြတိုက်မှုဖြစ်ပြီးနောက် စစ်ကောင်စီနှင့် ရဲတပ်ဖွဲ့ဝင်များရောက်ရှိလာပြီး စစ်ဆေးကာ ရိုက်နှက်ခံရသည့် ဖခင်ဖြစ်သူမှာ အသက်အန္တရာယ် မစိုးရိမ်ရဟု မိသားစုဝင်တစ်ဦးက ဖော်ပြထားသည်။

ရန်ကုန်တွင်လည်း ယခုရက်ပိုင်းအတွင်း နေအိမ်များအတွင်းသို့ဝင်ရောက်၍ လုယက်၊ ဓားပြတိုက်မှုများ ကျူးလွန်နေကြသဖြင့် ပြည်သူများ စိုးရိမ်နေကြရသည်။

#TachileikNewsAgency