စစ်ကိုင်းတိုင်း တမူးမြို့နယ် ခမ်းပါတ်မြို့ကို စစ်ကောင်စီတပ်က ၂၀၂၅ခုနှစ် ဇန်နဝါရီလ (၁၆)ရက်နေ့ ည(၈)နာရီခွဲဝန်းကျင်တွင် လေကြောင်းမှ ဗုံးကြဲချသဖြင့် (၂)ဦး သေဆုံးပြီး သံဃာတော်တစ်ပါး ဒဏ်ရာရသည်ဟု ဒေသခံများထံမှ သိရသည်။
စစ်ကောင်စီတပ်သည် တော်လှန်ရေးတပ်များသိမ်းပိုက်ထားသည့် ခမ်းပါတ်မြို့ အမှတ်(၁)ရပ်ကွက်နှင့် ကနန်ကျေးရွာ ဘုန်းကြီးကျောင်းကို တိုက်လေယာဉ်နှစ်စီးဖြင့် ဗုံးကြဲတိုက်ခိုက်သွားခြင်းဖြစ်ပြီး တော်လှန်ရေး ရဲဘော်တစ်ဦးနှင့် (၃)နှစ်အရွယ် မိန်းကလေးတစ်ဦးသေဆုံးကာ သံဃာတော်တစ်ပါး ပြင်းထန်ဒဏ်ရာရခဲ့သည်ဟု သိရသည်။
စစ်ကောင်စီသည် လေကြောင်းမှ ည(၈)နာရီ (၂၁)မိနစ်၊ (၂၂)မိနစ်နှင့် (၃၆)မိနစ်တို့တွင် ဗုံး(၃)လုံး ကြဲချသွားခြင်းဖြစ်ပြီး ဘုန်းကြီးကျောင်းအပါအဝင် အိမ်ခြေအလုံး(၂၀)ဝန်းကျင် ပျက်စီးသွားသည်ဟုလည်း ဒေသခံတစ်ဦးက Tachileik News Agency ကိုပြောသည်။
သေဆုံးသူများ၏ အမည်နှင့် အသက်ကိုမူ ထုတ်ဖော်ပြောဆိုလိုခြင်း မရှိသေးပေ။
ပြီးခဲ့သည့် ၂၀၂၄ခုနှစ် ဧပြီလကလည်း ခမ်းပါတ်မြို့ ကို ဗုံးကြဲတိုက်ခိုက်ခြင်းကြောင့် အမျိုးသား တစ်ဦးနှင့် အမျိုးသမီးတစ်ဦး သေဆုံးခဲ့ရသည်။
၂၀၂၃ ခုနှစ် နိုဝင်ဘာလ (၇) ရက်နေ့တွင် ခမ်းပါတ်မြို့အား တော်လှန်ရေးတပ်များက တိုက်ခိုက်သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့သည်။
#TachileikNewsAgency
#TNA_MAT
Photo:Yin Yoe