တန့်ဆည်မြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်၏ ကာကင်းစခန်းတစ်ခုကို တော်လှန်ရေးတပ်များ ဝင်ရောက် တိုက်ခိုက်

တန့်ဆည်မြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်၏ ကာကင်းစခန်းတစ်ခုကို တော်လှန်ရေးတပ်များ ဝင်ရောက် တိုက်ခိုက်

စစ်ကိုင်းတိုင်း တန့်ဆည်မြို့နယ်ရှိ စစ်ကောင်စီတပ်နှင့် ပျူစောထီးများတပ်စွဲထားရာ ကာကင်းစခန်းတစ်ခုကို တော်လှန်ရေးတပ်များက ၂၀၂၅ခုနှစ် ဇန်နဝါရီလ(၇)ရက်နေ့တွင် ဝင်ရောက်တိုက်ခိုက်သည်ဟု PLA တပ်ဖွဲ့ထံမှ သိရသည်။

စစ်တပ်အာဏာသိမ်းပြီးကတည်းက တပ်စွဲထားသည့် မူးဂွကျေးရွာအနီးရှိ ကာကင်းစခန်းကို ပြည်သူ့လွတ်မြောက်ရေး တပ်မတော်နှင့် မဟာမိတ်များက ည(၁၁)နာရီတွင် ဝင်ရောက် တိုက်ခိုက်ရာ စစ်ကောင်စီတပ်ဘက်က ထိခိုက်သေဆုံး သူရှိသည်ဟု ဆိုသည်။

တိုက်ပွဲကြာချိန် နာရီဝက်ခန့်တွင် စစ်ကောင်စီတပ်ဘက်က တစ်ဦးသေပြီး (၃)ဦးဒဏ်ရာရသည်ဟု PLA သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါတပ်စခန်းသည် စစ်ကောင်စီတပ်ဘက်က ဘန်ကာများဖြင့် အခိုင်အမာ တည်ဆောက်ထားသော တပ်စခန်းတစ်ခုဖြစ်သည်ဟုလည်း ဆိုသည်။

 

တိုက်ခိုက်မှုကို ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA)၊ Hydra Force၊ တပ်ရင်း (၂၅)၊ တပ်ရင်း (၁၆)နှင့် ပ.က.ဖ တို့ ပူးပေါင်းတိုက်ခိုက်သည်ဟု သိရသည်။

မူးဂွရွာအနီးက ကာကင်းစခန်းကို တော်လှန်ရေးတပ်များသည် ပြီးခဲ့သည့်နှစ် ၂၀၂၄ခုနှစ် ဇွန်လကလည်း ဒရုန်းဖြင့် ဗုံးသီး(၁၅)လုံးချပြီးနောက် အပြန်အလှန်ပစ်ခတ်မှုဖြစ်ခဲ့သေးကြောင်း သိရသည်။