တနင်္သာရီတိုင်း ထားဝယ်ခရိုင် ထားဝယ်မြို့နယ်အတွင်းရှိ မဲချောင်း (ရှစ်မိုင်) စခန်းကုန်းနှင့် စစ်ဆေးရေးဂိတ်အား တော်လှန်ရေးတပ်ဖွဲ့များ ၀င်ရောက်တိုက်ခိုက်ရာ နှစ်ဖက်ထိခိုက်မှုရှိကြောင်း ဒူရကစစ်ကြောင်းထံမှ သိရသည်။
ထားဝယ်မြို့နယ် မဲချောင်း (ရှစ်မိုင်) စခန်းကုန်းနှင့် စစ်ဆေးရေးဂိတ်အား ၂၀၂၅ ခုနှစ် ဇန်နဝါရီလ (၂)ရက်နေ့ ညနေ (၂)နာရီဝန်းကျင်တွင် တော်လှန်ရေးတပ်ဖွဲ့များမှ ၀င်ရောက်စီးနင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အပြန်အလှန်ပစ်ခတ်မှု (၁)နာရီဝန်းကျင် ကြာမြင့်ခဲ့ကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုအတွင်း စစ်ကောင်စီ စစ်ဆေးရေးဂိတ်အား သိမ်းပိုက်နိုင်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် (၅)ဦးထက်မနည်း သေဆုံး၍ အများအပြား ထိခိုက်ဒဏ်ရာရရှိကာ ခဲယမ်းနှင့်စစ်အသုံးအဆောင်ပစ္စည်းတချို့ သိမ်းဆည်းရမိကြောင်း ဒူရကစစ်ကြောင်းက ဆိုသည်။
သိမ်းဆည်းရမိသည့် ခဲယမ်းနှင့် စစ်အသုံးအဆောင်ပစ္စည်းများမှာ MA ကျည်ပေါက် (၄)ခု ၊ လက်ကိုင်ဖုန်း (၂)လုံး ၊ စကားပြောစက် (၃)လုံး၊ ကျည် (၂၆၂)တောင့်နှင့် အီကွေးမန့် (၁)စုံ တို့ဖြစ်ကြောင်း သိရသည်။
တိုက်ခိုက်မှုအတွင်း တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဘက်မှ တပ်ဖွဲ့ဝင် (၃)ဦး ကျဆုံးခဲ့ကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုအား ဒူရက စစ်ကြောင်း၏ ဦးဆောင်မှုဖြင့် ဓ၀ယ်အမျိုးသားလွတ်မြောက်ရေးတပ်တော် (DNLA) ၊ ရေဖြူပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPPDF)၊ ဖက်ဒရယ်ဒူဝံကြယ်ဒရုန်းတပ်ဖွဲ့နှင့် (D.E.F – PDF) မှ ဒရုန်းတပ်ဖွဲ့တို့ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် စစ်ရေးများအား အရှိန်အဟုန်တိုးမြင့်ဆောင်ရွက်နေသည့်အချိန်ဖြစ်သည့်အတွက် ပြည်သူများအနေဖြင့် စစ်ရေးအထူး သတိပြု သွားလာနေထိုင်ကြရန်နှင့် အမှန်တရားဘက်ရပ်တည်လိုသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအနေဖြင့် အမြန်ဆုံး CDM ပြုလုပ် ပူးပေါင်းကြပါရန် ဒူရကစစ်ကြောင်းက တိုက်တွန်းအသိပေးထားသည်။
#TachileikNewsAgency
#TNA_LE
Photo: YePhyu People Defence Force - YPPDF