မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ဗဟင်းရဲစခန်းကို အာဏာသိမ်းစစ်ကောင်စီတပ်က ယနေ့ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ (၂၂) ရက်နေ့ နံနက်ပိုင်းတွင် မီးရှို့ဖျက်ဆီးပြီး ရဲနှင့်မိသားစုများကို ခေါ်ဆောင်ကာ တပ်ဆုတ်သွားကြောင်း ဒေသခံများထံမှ သိရသည်။
အဲဒီစခန်းက ဒရုန်းနဲ့ဗုံးကြဲလိုက်၊ လက်နက်ကြီးနဲ့ အပစ်ခံလိုက်ဆိုတော့ ဒီကောင်တွေ အပြင်မထွက်ရဲတော့ဘူး။ အဲဒါကြောင့် စစ်တပ်က လာခေါ်ထုတ်သွားတာထင်တယ်
ဟု နွေဦးတော်လှန်ရေး မြိုင်မြို့နယ်အဖွဲ့က Tachileik News Agency သို့ ပြောသည်။
ဒေသခံတော်လှန်ရေးအဖွဲ့များနှင့် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်က ဗဟင်းကျေးရွာမှ နေအိမ် (၅၂) လုံးကို ယမန်နေ့ (နိုဝင်ဘာ ၂၁) က မီးရှို့ဖျက်ဆီးခဲ့ပြီးနောက် ယနေ့တွင် ဗဟင်းကျေးရွာရဲစခန်းကိုလည်း ဖြိုဖျက်မီးရှို့ကာ တပ်ဆုတ်သွားခြင်းဖြစ်သည်ဟု သိရသည်။
စစ်တပ်လာကူပြီး တပ်ဆုတ်တော့ ရဲတပ်ကြပ်တစ်ယောက် ကျန်ခဲ့တယ်။ ပကဖ ( ပြည်သူ့ကာကွယ်ရေးအဖွဲ့) တွေက ကူညီကယ်ဆယ်ထားတယ်။ ပိုက်ဆံ တစ်သောင်းနဲ့ အချိုရည် ၂ ဗူးပါတယ်လို့တော့ ပြောတယ်
ဟု နွေဦးတော်လှန်ရေး မြိုင်မြို့နယ်အဖွဲ့က ပြောသည်။
တပ်ဆုတ်သွားသည့် စစ်ကောင်စီတပ်နှင့်ရဲများသည် ယနေ့နေ့လယ်ပိုင်းတွင် မြိုင်မြို့နယ်၊ ဝက်ဖိုးကျေးရွာနှင့် မှန်ရင်းကျေးရွာကြားတွင် ရောက်ရှိနေပြီဖြစ်ကြောင်း သိရသည်။
စစ်ကောင်စီတပ်များသည် ဗဟင်ကျေးရွာသို့ အင်အား ၁၀၀ ခန့်ဖြင့် နိုဝင်ဘာ ၂၀ ရက်တွင် ရောက်ရှိပြီးနောက် ၂၁ ရက်နံနက်တွင် ဗဟင်းကျေးရွာကို မီးရှို့ကာ နိုဝင်ဘာလ(၂၂)ရက်နေ့တွင် ရဲစခန်းမှ ရဲများအား ခေါ်ဆောင်ကာ တပ်ဆုတ်သွားခြင်း ဖြစ်သည်။