မယုတစ်ယောက် ရန်ကုန်မြို့ရှိ ချောင်းတစ်ခု၏ ညစ်ပတ်နံစော်နေသော ရေပြင်တွင် ပေါ်နေစေရန်အတွက် ဖော့ပြားဖြင့် ဖြစ်သလိုလုပ်ထားသည့် လှေကိုလှော်ခတ်ရင်း သူမ၏ မြစ်သန့်ရှင်းရေးအဖွဲ့ သို့မဟုတ် မြစ်၊ ချောင်းအတွင်း အမှိုက်ကောက်အဖွဲ့နှင့်အတူ ပလတ်စတစ်နှင့် ဘူးခွံများကို ရှာဖွေကောက်ယူရန် ထွက်လာခဲ့ရပြန်သည်။
သူမနှင့်အတူ အခြား (၁၀) ဦး ခန့်က နံနက်ဝေလီဝေလင်းအချိန်တွင် အနံ့ဆိုးထွက်နေသည့် ပုဇွန်တောင်ချောင်း၏ ညိုညစ်ညစ်ရေပြင်၌ ပြန်လည်ရောင်းချ၍ရသည့် ပလတ်စတစ်နှင့် ဘူးခွံများကို အမှိုက်များထဲမှ ရှာဖွေကောက်ယူကြခြင်းဖြစ်ပြီး ပလုံကောက်သည်ဟု ခေါ်ကြသည်။
၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီလ (၁) ရက် စစ်တပ်အာဏာသိမ်းမှုကြောင့် ဘက်ပေါင်းစုံ ချွတ်ခြုံကျပြီး စီးပွားရေးအကျပ်အတည်း ဖြစ်ပေါ်နေသည့် မြန်မာနိုင်ငံတွင် မယုတို့ကဲ့သို့ လူတန်းစားများအတွက် ရှင်သန်ရပ်တည်ရေး အလွန်ခက်ခဲစွာ ရုန်းကန်နေကြရပြီး ၎င်းတို့ကဲ့သို့ပင် ပလုံကောက်သူများ သိသာစွာ များပြားလာခဲ့သည်။
ချောင်းရေပြင်တွင် မျောပါနေသည့် အမှိုက်များထဲမှ ပြန်လည်အသုံးပြုနိုင်သော ပစ္စည်းများကို ရှာဖွေစုဆောင်းပြီး ထိုပစ္စည်းများကို ဝယ်ယူသည့်ဒိုင်သို့ ပြန်ရောင်းချ၍ ရရှိလာသော ဝင်ငွေမှာ မယုတို့အတွက် တစ်ခုတည်းသော ဝင်ငွေလည်း ဖြစ်သည်။
မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းပြီးနောက် စီးပွားရေး ထိုးစိုက်ကျဆင်းသွားမှုနှင့် ဆူပူအုံကြွမှုတို့ကြောင့် ၎င်းတို့မှာ အလုပ်လက်မဲ့ ဖြစ်ခဲ့ကြရသည်။
"ကျွန်မအတွက် မြေပြင်မှာ အလုပ် မရှိတော့ဘူး။ ကျွန်မ ကလေးတွေနဲ့ ကျန်းမာရေးမကောင်းတဲ့ ကျွန်မ ခင်ပွန်းကို ပြုစုစောင့်ရှောက်ဖို့ ကျွန်မမှာ တာဝန်ရှိတယ်လေ" ဟု မယုက AFP သတင်းဌာနကို ရင်ဖွင့်ခဲ့သည်။
"ဒါကြောင့်ပဲ ကျွန်မ ဖော့ပြားတချို့ ငှားခဲ့ပြီး ကျွန်မရဲ့ အိမ်နီးနားချင်းတွေနဲ့အတူ ချောင်းထဲသွားခဲ့တာပဲ။ ပထမဆုံးရက်မှာ ကျွန်မတို့ ပလတ်စတစ်နဲ့ ဘူးခွံတချို့ စုဆောင်းလို့ရခဲ့ပြီး ရောင်းနိုင်ခဲ့တယ်။ ကျွန်မတို့ ပျော်တာပေါ့" ဟု သူမက ပြောသည်။
စစ်တပ်က အာဏာသိမ်းမှုကြောင့် မြန်မာနိုင်ငံ၏ စီးပွားရေးမှာ ပြိုလဲခဲ့ကာ လူဦးရေ (၁) သန်းကျော် အလုပ်အကိုင် ဆုံးရှုံးခဲ့ရပြီး အလုပ်လက်မဲ့ဘဝ ရောက်ခဲ့ကြရကြောင်း အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့ International Labour Organization (ILO) က ထုတ်ပြန်ထားသည်။
စစ်တပ်အာဏာသိမ်းပြီးနောက် ဟင်းသီးဟင်းရွက်နှင့် ငါးများရောင်းချသည့် သူမ၏အလုပ် ဆုံးရှုံးခဲ့ရသည့် အသက် (၄၁) နှစ်အရွယ် မငယ်ဆိုသူ အမျိုးသမီးကလည်း ပုံမှန်အလုပ် မလုပ်ရတော့သည့် ခင်ပွန်းဖြစ်သူ လက်သမားနှင့်အတူ ချောင်းထဲတွင် ပြန်လည်အသုံးပြုနိုင်သည့် စွန့်ပစ်ပစ္စည်များကို ရှာဖွေကောက်ယူသည့် ပလုံကောက်သည့်အလုပ်ကို လုပ်နေကြရသည်။
"ကျွန်မတို့ ဒီအလုပ် လုပ်နေတာ ကျွန်မရဲ့မိဘတွေနဲ့ မိသားစုကို ကျွန်မ မပြောထားဘူး။ ဒါပေမဲ့ သူတို့ သိသွားခဲ့ကြတယ်။ ဒီအလုပ်ကို မိသားစုအတွက် ကျွန်မ လုပ်နေတယ်ဆိုတာ သူတို့ကို ရှင်းပြခဲ့ရတယ်" ဟု မငယ်က ဖွင့်ဟသည်။
"တခါတလေကျတော့လည်း တွေးမိတယ်။ ဒီချောင်းထဲမှာ ပလုံကောက်နေတုန်း တစ်ခုခုများဖြစ်ခဲ့ရင် ကျွန်မတစ်ယောက်တည်း ဘာမှမလုပ်နိုင်ဘူးလို့ပေါ့။ ဒါက လွယ်တဲ့အလုပ်တစ်ခု မဟုတ်ပါဘူး။ ဒါပေမဲ့လည်း အရေးကြီးတာက ကျွန်မရဲ့ကလေးတွေ မငတ်ဖို့ပဲလေ" ဟု မယုက ပြောသည်။
ပုဇွန်တောင်ချောင်း၌ ပလုံကောက်သူတစ်ဦးမှာ အခြေအနေကောင်းသည့်နေ့တွင် ကျပ် (၃၀,၀၀၀) (အမေရိကန် ၁၀ ဒေါ်လာ) ဝင်ငွေရသည့် အမှိုက်များကို ရှာတွေ့နိုင်သော်လည်း အများအားဖြင့်မူ ကျပ် (၉,၀၀၀) ဝန်းကျင်သာ အိမ်ပြန်ပါလေ့ရှိသည်ဟု ဆိုသည်။
"ကျွန်မတို့ ဒီအလုပ် စမလုပ်ခင်က ချောင်းထဲမှာ ပလတ်စတစ်တွေ၊ ဘူးခွံနဲ့ ပုလင်းခွံတွေ အများကြီးပဲ" ဟု ရန်ကုန်မြို့ရှိ လမ်းများတွင် ပလုံကောက်သူ အသက် (၃၉) နှစ်အရွယ် မကြူကြူခိုင်က ပြောသည်။
မြန်မာနိုင်ငံတွင် စစ်တပ်အာဏာသိမ်းမှုကြောင့် ဘက်ပေါင်းစုံချွတ်ခြုံကျပြီး စီးပွားရေးကျပ်တည်းနေသည့် အခြေအနေကို ပြည်သူလူထုက ခါးစီးခံနေကြရသည်။
ရန်ကုန်နှင့်မန္တလေးကဲ့သို့ မြို့ကြီးများအပြင် မြို့ငယ်များတွင်လည်း အမှိုက်ပုံးများ၊ အမှိုက်ပုံများ၊ ဆိုင်များ၊ လမ်းများတွင် ပလတ်စတစ်၊ ဘူးခွံနှင့် ပုလင်းခွံကဲ့သို့ ပြန်ရောင်းနိုင်သည့် စွန့်ပစ်ပစ္စည်းများကို ရှာဖွေကောက်ယူကြသည့် ပလုံကောက်သူများ သိသိသာသာ တိုးလာခဲ့သည်။ ထို့ကြောင့်လည်း မြေပြင်ပေါ်၌ အလုအယက် ပလုံကောက်ကြရသည့် အခြေအနေဖြစ်လာပြီး မယုနှင့်မငယ်တို့ကဲ့သို့ ချောင်းထဲဆင်း၍ အန္တရာယ်ကြားက ပလုံကောက်ကြရသူများ ရှိလာကြခြင်း ဖြစ်သည်။
CNA က ဖော်ပြထားသည့် "On the water with Myanmar's 'river cleaners' " ဆောင်းပါးကို Tachileik News Agency က စီလျော်စွာ မြန်မာဘာသာပြန်ဆိုကာ ပြန်လည်ဖော်ပြပေးထားခြင်း ဖြစ်ပါသည်။
#TachileikNewsAgency
Source: CNA,AFP
Photo: AFP/Sai Aung Main