ထိုင်း-မြန်မာနယ်စပ် မြဝတီနှင့် မဲဆောက်မြို့များတွင် သောင်ရင်းမြစ်ရေတက်မှုကြောင့် ရေကြီးရေလျှံနေ

ထိုင်း-မြန်မာနယ်စပ် မြဝတီနှင့် မဲဆောက်မြို့များတွင် သောင်ရင်းမြစ်ရေတက်မှုကြောင့် ရေကြီးရေလျှံနေ
စက်တင်ဘာ 11, 2024 | အခြားဒေသများ

ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့နှင့် မဲဆောက်မြို့တို့တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် သောင်ရင်းမြစ်ရေတက်လာပြီး ရေကြီးရေလျှံမှုများ ကြုံတွေ့နေရကြောင်း ဒေသခံများထံမှ သိရသည်။

“မြဝတီက တံတားထိပ်က ရုံးတွေကတော့ ရေတွေဝင်လို့ မီးလိုင်းတွေ ဖျက်ချထားတယ်။ ဒီနေ့တော့ တံတားကူးတဲ့ လူတွေပါ (၁၀) နာရီနောက်ပိုင်းမှာ အကုန်ပိတ်လိုက်တယ်။ မဲဆောက်က မြို့ထဲမှာတော့ အေးဆေးပါပဲ ၊ ကမ်းနားကပ်ရက်လောက်ပဲ။” ဟု မဲဆောက်မြို့တွင် နေထိုင်သည့် ဒေသခံတစ်ဦးက Tachileik News Agency ကို ပြောသည်။

လက်ရှိအချိန်တွင် မိုးအရွာနည်းသော်လည်း သောင်ရင်းမြစ်ရေသည် တိုးလာနေပြီး ၊ မြဝတီမြို့အတွင်း၌ ဖုန်းလိုင်းတချို့ ပြတ်တောက်လျှက်ရှိကြောင်း ဒေသခံများထံမှ သိရသည်။

ယနေ့ စက်တင်ဘာလ (၁၁) ရက်နေ့ နေ့လယ် (၁၂)နာရီခွဲအချိန် တိုင်းထွာမှုအရ သောင်ရင်းမြစ်ရေသည် မြဝတီမြို့တွင် စိုးရိမ်ရေမှတ်အထက် (၁၂) ပေခွဲခန့် ကျော်လွန်နေပြီး နောက် (၁)ရက်အတွင်း (၂)ပေခန့် ထပ်မံမြင့်တက်လာနိုင်ကြောင်း  မိုး/ဇလက ခန့်မှန်းထုတ်ပြန်ထားသည်။

#TachileikNewsAgency

Photo: CJ