အင်အားများစွာဖြင့် ဖြည့်တင်းကာကွယ်ထားသည့် စစ်ကောင်စီ၏ ရေတပ်ဌာနချုပ်ကို အာရက္ခတပ်တော်က တိုက်ခိုက် သိမ်းပိုက်

အင်အားများစွာဖြင့် ဖြည့်တင်းကာကွယ်ထားသည့် စစ်ကောင်စီ၏ ရေတပ်ဌာနချုပ်ကို အာရက္ခတပ်တော်က တိုက်ခိုက် သိမ်းပိုက်
စက်တင်ဘာ 7, 2024 | 2021 Military Coup| အခြားဒေသများ

 ရခိုင်ပြည်နယ်အတွင်း သံတွဲမြို့နယ်အတွင်းရှိ အာဏာသိမ်းစစ်ကောင်စီ၏ ရေတပ်စခန်းဌာနချုပ်ကို အာရက္ခတပ်တော်(AA)က တစ်လနီးပါးမျှသာ ထိုးစစ်ဆင်တိုက်ခိုက်ပြီး အနိုင်ယူ သိမ်းပိုက်နိုင်လိုက်ပြီဖြစ်ကြောင်း သတင်းထုတ်ပြန်လာသည်။

"မောင်ရွှေလေးရွာ၊ ကွင်းဝိုင်းရွာ၊ သပြုချိုင်ရွာ၊ ရေတပ်ပင်မရေငုပ်နှင့်ဆယ်ယူရေးတပ်(တပ်မတော်-ရေ) စခန်းနှင့် ၎င်းပတ်ဝန်းကျင်များ၌ စစ်ကောင်စီသည် အဆင့်ဆင့်သော ခုခံစစ်ကို လေကြောင်း၊ ရေကြောင်းပစ်ကူ အများအပြားဖြင့် ခုခံခဲ့သော်လည်း အာရက္ခတပ်တော်၏ ရဲရင့်ပြောင်မြောက်ပြီး ဗျူဟာမြောက်ထိုးစစ်အောက်တွင် တစ်လအတွင်း အဆိုပါစခန်းအား လက်လွှတ်ဆုံးရှုံးခဲ့ရပြီးဖြစ်သည်"ဟု သတင်းထုတ်ပြန်ထားသည်။



 

အဆိုပါ ရေတပ်စခန်းဌာနချုပ်အား ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ (၇)ရက်နေ့က စတင်၍ တစ်လကြာ ထိုးစစ်ဆင်တိုက်ခိုက်ပြီးနောက် စက်တင်ဘာလ (၅) ရက်နေ့၊ ညနေ (၆)နာရီအချိန်တွင် အပြီးသတ် သိမ်းပိုက်ရယူနိုင်ခဲ့သည်ဟု သိရသည်။

 

ပင်မရေတပ်စခန်း CNDSD နှင့် ၎င်းပတ်ဝန်းကျင်ကို စစ်ကောင်စီက စစ်ရှုံး၍ နေရာစုံမှ ထွက်ပြေးလွတ်မြောက်လာကြသော စစ်ကောင်စီတပ်ဖွဲ့ဝင်များ၊ စစ်သင်တန်းဆင်းလာကြသော စစ်ကောင်စီ တပ်ဖွဲ့ဝင်များနှင့် အခြားသောနေရာများမှ စစ်ကူများ အပါအဝင် အင်အား (၁၂၀၀)ကျော်ဖြင့် အင်အားဖြည့်တင်းထားသော်လည်း အာရက္ခတပ်တော်က တိုက်ခိုက် သိမ်းပိုက်နိုင်ခြင်း ဖြစ်သည်ဟု သိရသည်။ 

စစ်ကောင်စီသည် အဆိုပါ စခန်း မကျရေးအတွက် ပင်လယ်ပြင်နှင့် စခန်းအတွင်းမှ လက်နက်ကြီးပစ်ကူ အမြောက်အများသုံးပြီး ခုခံကာကွယ်ခဲ့သော စခန်းကြီးတစ်ခုဖြစ်သည်ဟုလည်း သိရသည်။ 

ရေတပ်စခန်းအား ထိုးစစ်ဆင်တိုက်ခိုက်မှုအတွင်း  စစ်ကောင်စီတပ်ဖွဲ့ဝင် (၄၀၀)ကျော်သေပြီး စစ်အသုံးအဆောင်ပစ္စည်း၊ လက်နက်ခဲယမ်းအများအပြားကို သိမ်းဆည်းရရှိသည်ဟု သိရသည်။

စစ်ကောင်စီတပ်သည် ၎င်းတို့၏ ဒဏ်ရာရ၊ ကျဆုံးသောသူများကို စစ်သင်္ဘောများဖြင့် သယ်ဆောင်ပြီး စစ်တွေနှင့် ဧရာဝတီတိုင်းဖက်သို့ အကြိမ်ကြိမ်သယ်ယူရွှေ့ပြောင်းသွားနိုင်ခဲ့သော်လည်း ကျန်ရှိအလောင်းများအား AA ဘက်က ကောင်းမွန်စွာ သင်္ဂြိုဟ်ပေးခဲ့ရကြောင်း သိရသည်။



စစ်ရှုံးစစ်ကောင်စီသည် စခန်းစွန့်လွှတ်ရသဖြင့်  အရပ်သားများရှိရာသို့ လက်နက်ကြီး၊ လေကြောင်းမှ ပစ်ခတ်တိုက်ခိုက်ပြီး စစ်ရာဇဝတ်မှု၊ အကြမ်းဖက်မှုများကို ဆက်တိုက်ကျူးလွန်နေသည်ဟုလည်း ဆိုသည်။

 

Photo: AA