တိုင်းရင်းသားဒေသများ၏ အမျိုးသားလွတ်မြောက်ရေးလှုပ်ရှားမှုအားလုံးသည် စစ်အာဏာရှင်စနစ်ပြိုလဲခြင်း သင်္ကေတတစ်ခုဖြစ်ကြောင်း NUG ယာယီသမ္မတဆို

တိုင်းရင်းသားဒေသများ၏ အမျိုးသားလွတ်မြောက်ရေးလှုပ်ရှားမှုအားလုံးသည် စစ်အာဏာရှင်စနစ်ပြိုလဲခြင်း သင်္ကေတတစ်ခုဖြစ်ကြောင်း NUG ယာယီသမ္မတဆို

တိုင်းရင်းသားဒေသများ၏ အမျိုးသားလွတ်မြောက်ရေး လှုပ်ရှားမှုအားလုံးသည် စစ်အာဏာရှင်စနစ်ပြိုလဲခြင်း သင်္ကေတတစ်ခုဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ ၂၀/၂၀၂၄ အစိုးရအဖွဲ့ အစည်းဝေးတွင် NUG ယာယီသမ္မတ ဒူဝါလရှီးလမှ ဆိုသည်။

တိုင်းရင်းသားဒေသများ၏ အမျိုးသားလွတ်မြောက်ရေး လှုပ်ရှားမှုအားလုံးသည် စစ်အာဏာရှင်စနစ်ပြိုလဲခြင်း၏ သင်္ကေတတစ်ခုဖြစ်ပြီး အပြန်အလှန် သက်ရောက်မှု ရှိနေသည့်အတွက် နွေဦးတော်လှန်ရေးနှင့် တိုင်းရင်းသားလွတ်မြောက်ရေးလှုပ်ရှားမှုများကို တိုက်ရိုက်ချက်ကြိုးဆက်နိုင်ပြီဟု မှတ်ယူရမည်ဖြစ်ကြောင်း ယာယီသမ္မတမှ ဆိုသည်။

ယခုအခြေအနေကို ဆက်လက်ပြီး ခိုင်မာကျယ်ပြန့်အောင် လုပ်ဆောင်လာနိုင်ပါက နွေဦးတော်လှန်ရေး၏ ခုခံတော်လှန်စစ်သည်လည်း ပိုမိုအရှိန်မြှင့်နိုင်မည်ဖြစ်ပြီး ခုခံတော်လှန်စစ် အခြေအနေအရပ်ရပ်ကို အစဉ်တစိုက် လေ့လာသုံးသပ်နေရန် တိုက်တွန်းလိုကြောင်း ၎င်းမှဆိုသည်။

နွေဦးတော်လှန်ရေးသည် လူထုတော်လှန်ရေးအား နိုင်ငံရေးနှင့် စစ်ရေးအရ ပေါင်းစပ်ထားခြင်းဖြစ်ပြီး လူမှုတော်လှန်ရေးတစ်ခုအနေနှင့်လည်း အသွင်ဖော်ဆောင်ထားနိုင်ခဲ့ကာ နယ်ပယ်တိုင်း ကဏ္ဍတိုင်းတွင် ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်နေခြင်းများ အင်မတန်များပြားကြောင်း ယာယီသမ္မတမှ ဆိုသည်။

တိုင်းရင်းသားတော်လှန်ရေး မဟာမိတ်အဖွဲ့များ၏ လက်တွဲခေါ်ဆောင်မှုနှင့်အတူ လက်နက်ကိုင်တော်လှန်ရေးအတွေ့အကြုံကို PDFများ ကောင်းစွာသင်ယူနိုင်ခဲ့ပြီး ၁၀၂၇ စစ်ဆင်ရေး - ဒုတိယလှိုင်းတွင် မန္တလေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏ ပါဝင်လှုပ်ရှားမှုသည် နိုင်ငံရေးအရသာမက စစ်ရေးအရလည်း အောင်မြင်ခဲ့ကြောင်း ၎င်းမှဆိုသည်။

အဆိုပါ အောင်မြင်မှုများအတွက် မြောက်ပိုင်းမဟာမိတ်ညီနောင်အဖွဲ့ကို ကျေးဇူးတင်ရှိကြောင်းနှင့်  တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများ၏ လက်ကမ်းကြိုဆိုမှုနှင့် ရှေ့ဆောင်လမ်းပြသင်ကြားပေးမှုများသည် နွေဦးတော်လှန်ရေး၏ ခုခံတော်လှန်စစ်ရေး အခြေအနေကို မြှင့်တင်ပေးနိုင်ခဲ့ကြောင်း ယာယီသမ္မတမှ ဆိုသည်။

စစ်ရေးအရ အောင်မြင်မှုများသည် စခန်းသိမ်းတိုက်ပွဲများနှင့် မြို့သိမ်း တိုက်ပွဲများ ဆင်နွှဲနိုင်ရုံဖြင့် ပြီးမြောက်ခြင်းမရှိသေးဘဲ သိမ်းဆည်းနိုင်သည့်နေရာများနှင့် စခန်းများအား ထိန်းထားနိုင်ရန်လည်း လိုအပ်ကြောင်း ၎င်းမှဆိုသည်။

လွတ်မြောက်ဒေသများနှင့် လွတ်မြောက်ဧရိယာများသည် စစ်ရေးအခြေခံဒေသများကို ခိုင်မာစွာတည်ဆောက်ပြီးမှသာ ပေါ်ပေါက်လာခြင်းဖြစ်ပြီး ၊ စစ်ရေးအရ အမြော်အမြင်ရှိမှုနှင့် နိုင်ငံရေးအရ ကြိုတင်ပြင်ဆင်မှုများသည် ခုခံတော်လှန်စစ်တွင် အရေးကြီးကြောင်း ၎င်းမှဆိုသည်။

ယခု နွေဦးတော်လှန်ရေးသည် စစ်အာဏာရှင်စနစ် အမြစ်ဖြတ် ချေမှုန်းရေးနှင့် တိုင်းရင်းသားလွတ်မြောက်မှု တော်လှန်ရေးအား ပေါင်းစပ်ထားခြင်းဆိုသည်ကို ၂၀၂၃ နှင့် ၂၀၂၄ ခုနှစ်အတွင်း၌ ပိုမိုသိသာထင်ရှားလာပြီး ၎င်းသည် ပြည်သူလူထုအတွက် အားအတက်ရဆုံးသော လူထုတော်လှန်ရေးကြီးအတွက် အဓိက အသက်ဖြစ်သည်ဟု ယူဆနိုင်ကြောင်း ယာယီသမ္မတ ဒူဝါလရှီးလမှ ပြောဆိုခဲ့သည်။

#TachileikNewsAgency

Photo: NUG