စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးနှင့် ကုလ UNOCHA ညွှန်ကြားရေးမှူးတို့ တွေ့ဆုံ

စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးနှင့် ကုလ UNOCHA ညွှန်ကြားရေးမှူးတို့ တွေ့ဆုံ

စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးနှင့် ကုလသမဂ္ဂအဖွဲ့အစည်းများနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအဖွဲ့အစည်းများ၏ အရေးပေါ်ညွှန်ကြားရေးမှူးများအဖွဲ့တို့ ယနေ့ ၂၀၂၄ ခုနှစ် သြဂုတ်လ (၂၇)ရက်နေ့တွင် နေပြည်တော်၌ တွေ့ဆုံသည်ဟု စစ်ကောင်စီဘက်က ဖော်ပြသည်။

စစ်ကောင်စီ နိုင်ငံခြားရေးဒုတိယဝန်ကြီး ဦးလွင်ဦး နှင့် နယူးယောက်မြို့ရှိ ကုလသမဂ္ဂအဖွဲ့အစည်းများနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအဖွဲ့အစည်းများ၏ အရေးပေါ် ညွှန်ကြားရေးမှူးများအဖွဲ့ ဥက္ကဋ္ဌနှင့် ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး(UNOCHA)၏ လုပ်ငန်းလည်ပတ်မှုနှင့် လူသားချင်းစာနာမှုလုပ်ငန်းများ တုံ့ပြန်မှုဆိုင်ရာဌာန ညွှန်ကြားရေးမှူး Ms. Edem Wosornu တို့ တွေ့ဆုံသည်ဟု ဖော်ပြသည်။ 

စစ်ကောင်စီနှင့် ကုလသမဂ္ဂတို့အကြား လတ်တလော ပူးပေါင်းဆောင်ရွက်နေမှုများနှင့် ဆက်လက်ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များ၊ လိုအပ်နေသည့် ပြည်သူများထံသို့ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများပေးအပ်နေမှုအခြေအနေတို့နှင့် ပတ်သက်၍ ဆွေးနွေးသည်ဟု ဆိုသည်။ 

တွေ့ဆုံမှုကို စစ်ကောင်စီဘက်က အမြဲတမ်းအတွင်းဝန်၊ EDG ၏ ညွှန်ကြားရေးမှူးများဖြစ်ကြသည့် ဂျီနီဗာမြို့ရှိ လူသားချင်းစာနာမှုဆိုင်ရာ တုံ့ပြန်ရေးလုပ်ငန်းစဉ်ချမှတ်သည့်အဖွဲ့ (SCHR)၏ အမှုဆောင်အတွင်းရေးမှူး၊ ဂျီနီဗာမြို့ရှိ WHO အဖွဲ့၏ ကျန်းမာရေးဆိုင်ရာ အရေးပေါ်တုံ့ပြန်မှု ညွှန်ကြားရေးမှူး၊ ရန်ကုန်မြို့အခြေစိုက် ကုလသမဂ္ဂယာယီ ဌာနေညှိနှိုင်းရေးမှူးနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ယာယီညှိနှိုင်းရေးမှူး၊ UNOCHA ၏ မြန်မာနိုင်ငံဆိုင်ရာအကြီးအကဲနှင့် UNOCHA ၏ ညှိနှိုင်းရေးဆိုင်ရာဌာနခွဲ၏အကြီးအကဲတို့ ပါဝင်သည်ဟု သိရသည်။

#TachileikNewsAgency

Photo: Ministry of Foreign Affairs Myanmar