တော်လှန်ရေးအင်အားစုများအနေဖြင့် နိုင်ငံရေး စစ်ရေး ဟန်ချက်ညီစွာ ဆက်လက်ကြိုးပမ်းပါက စစ်ကောင်စီ၏ နေဝင်ချိန်ရောက်ရှိတော့မည်ဖြစ်ကြောင်း NUG ပြည်ထောင်စုဝန်ကြီးချုပ်ပြော

တော်လှန်ရေးအင်အားစုများအနေဖြင့် နိုင်ငံရေး စစ်ရေး ဟန်ချက်ညီစွာ ဆက်လက်ကြိုးပမ်းပါက စစ်ကောင်စီ၏ နေဝင်ချိန်ရောက်ရှိတော့မည်ဖြစ်ကြောင်း NUG ပြည်ထောင်စုဝန်ကြီးချုပ်ပြော
သြဂုတ် 7, 2024 | 2021 Military Coup

မြန်မာပြည်နိုင်ငံအနှံ့တွင်ရှိနေသည့် တော်လှန်ရေးအင်အားစုများအနေဖြင့် နိုင်ငံရေး၊ စစ်ရေး ဟန်ချက်ညီစွာ ဆက်လက်ကြိုးပမ်းပါက စစ်ကောင်စီ၏ နေဝင်ချိန်ရောက်ရှိတော့မည်ဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းမှ ၂၀၂၄ ခုနှစ် သြဂုတ်လ (၆) ရက်နေ့တွင် ပြုလုပ်သည့် အစိုးရအဖွဲ့အစည်းအဝေးတွင် ပြောဆိုသည်။

စစ်ကောင်စီ၏ နိဂုံးချုပ်အမြန်ဆုံးရောက်ရှိမှသာ ပြည်သူများ ဘက်ပေါင်းစုံမှ ခံစားနေရသည့် ဒုက္ခများ သက်သာချုပ်ငြိမ်းနိုင်မည်ဖြစ်ပြီး ၊ စစ်ဒဏ်နှင့်အတူ ငွေကြေးဖောင်းပွမှုဒဏ်များကို ပြည်သူလူထုအနေဖြင့် ခံစားနေရကာ ၊ စိတ်ရောကိုယ်ပါ လုံခြုံမှုမရှိဘဲ နေထိုင်နေရကြောင်း ပြည်ထောင်စုဝန်ကြီးချုပ်က ဆိုသည်။

“ငွေကြေးဖောင်းပွမှုရဲ့ နောက်ဆက်တွဲအနေနဲ့ စက်သုံးဆီရှားပါးမှု ပြဿနာဟာလည်း ပြည်သူတွေရဲ့ စားဝတ်နေရေးအတွက် အတော်လေး ထိခိုက်ရတဲ့ကိစ္စ ဖြစ်ပါတယ်။ ဒါ့ကြောင့် ကျွန်တော်တို့ တော်လှန်ရေး အင်အားစုတွေအနေနဲ့ တစ်ဘက်က စစ်ရှိန်မြှင့်နေတဲ့အချိန်မှာ တစ်ဘက်က နိုင်ငံရေးအရ တိုင်ပင်ဆွေးနွေးစရာတွေ၊ စုစည်းဆောင်ရွက်ကြရမယ့်အရာတွေအတွက် စဉ်ဆက်မပြတ် ထိစပ်ဆောင်ရွက်နေမှသာ ဒီခရီးက ပိုပြီး မြန်မြန်ဆန်ဆန် ရောက်မှာ ဖြစ်ပါတယ်” ဟု ဝန်ကြီးချုပ်က ပြောသည်။

ထို့အပြင် သြဂုတ်လ (၃) ရက်နေ့တွင် မြန်မာ့အမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA)၊ တအောင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA)တို့ ဦး‌ဆောင်သည့် တော်လှန်ရေးမဟာမိတ်တပ်ဖွဲ့များ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ)ကို အောင်မြင်စွာသိမ်းပိုက်နိုင်ခြင်းသည် တိုင်းရင်းများအတူဆင်နွဲနေသည့် တော်လှန်ရေးအတွက် ကြီးမားသည့် အောင်ပွဲဖြစ်သည်ဟု ဆိုသည်။

“၁၀၂၇ စစ်ဆင်ရေးရဲ့ ဒုတိယပိုင်းဖြစ်တဲ့ တိုက်ပွဲတွေမှာ ဆက်တိုက် အောင်မြင်မှုတွေ ရရှိနေတာဟာ ကျန်ဒေသအားလုံးမှာရှိတဲ့ တော်လှန်ရေး အင်အားစုတွေ အတွက်လည်း အင်မတန်စိတ်အားတက်ကြွစရာ ဖြစ်ပါတယ်။ တစ်နိုင်ငံလုံး နေရာဒေသအနှံ့မှာရှိနေတဲ့ တော်လှန်ရေးအင်အားစုတွေအနေနဲ့လည်း နိုင်ငံရေးနဲ့ စစ်ရေးကို ဟန်ချက်ညီညီ ဆက်လက်ကြိုးပမ်းသွားကြမယ်ဆိုရင် ဒီလိုအောင်မြင်မှုတွေ ဆက်လက် ဖော်ဆောင်နိုင်ပြီး စစ်အုပ်စုရဲ့ နေဝင်ချိန်ဟာ အနှေးနဲ့ အမြန် ရောက်ရှိလာတော့မယ်လို့ အခိုင်အမာ ယုံကြည်ပါတယ်။” ဟု ဝန်ကြီးချုပ်က ဆက်ပြောသည်။

(၃) နှစ်ကျော် ဖြတ်သန်းလာသည့် နွေဦးတော်လှန်ရေး အဆုံးသတ်အား မြင်တွေ့နေရပြီး ၊ နွေဦးတော်လှန်ရေးအား ဟန်ချက်ညီ ပြီးမြောက်စေရန် တော်လှန်ရေးအင်အားစုများအားလုံးနှင့် စစ်ရေး၊ နိုင်ငံရေး၊ အုပ်ချုပ်ရေး ညှိနိူင်းဆောင်ရွက်ကြရန်နှင့် ဝန်ကြီးအားလုံးလည်း ဟန်ချက်ညီ ရှေ့ဆက်နိုင်ရန် ဆက်လက်ကြိုးပမ်းရမည်ဖြစ်ကြောင်း ပြောဆိုသည်။

လက်ရှိအချိန်တွင် နိုင်ငံအနှံတွင် တော်လှန်ရေးအင်အားစုအသီးသီးမှ စစ်ကောင်စီအား ထိုးစစ်ဆင်တိုက်ခိုက်လျှက်ရှိပြီး သြဂုတ်လ (၃)ရက်နေ့တွင် စစ်ကောင်စီ၏ အစဉ်အလာကြီးမားသည့် အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ)ကို MNDAA ဦးဆောင်သည့် မဟာမိတ်တပ်ဖွဲ့များက တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။

#TachileikNewsAgency

Photo: Mahn Winn Khaing Thann - Prime Minister of NUG