လားရှိုးမြို့ အခြေစိုက် ခလရ(၆၈)တပ်ရင်းအား သိမ်းပိုက်နိုင်သည့် ဓာတ်ပုံများ BPLA ထုတ်ပြန်

လားရှိုးမြို့ အခြေစိုက် ခလရ(၆၈)တပ်ရင်းအား သိမ်းပိုက်နိုင်သည့် ဓာတ်ပုံများ BPLA ထုတ်ပြန်
ဇူလိုင် 28, 2024 | 2021 Military Coup| ရှမ်းမြောက်

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့ အခြေစိုက် ခလရ(၆၈) တပ်ရင်းအား အပြီးသတ်သိမ်းပိုက်ရသည့် မှတ်တမ်းဓာတ်ပုံများကို ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA)က ယနေ့ ၂၀၂၄ခုနှစ် ဇူလိုင်လ (၂၈)ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်(MNDAA)၊ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA)နှင့် ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(PLA)တို့ပါဝင်သော မဟာမိတ်တပ်ပေါင်းစုသည် ခလရ(၆၈)တပ်ရင်းအား ဇူလိုင်လ(၂၇)ရက်နေ့၊ ညနေပိုင်းတွင် အပြီးသတ်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

အဆိုပါစခန်းကို သိမ်းပိုက်နိုင်ခဲ့ခြင်းကြောင့် လားရှိုးမြို့ရှိအကျဉ်းထောင်မှ အကျဉ်းသားများအားလုံးလည်း ပြန်လည်လွတ်မြောက်လာသည်ဟု သတင်းထွက်ပေါ်နေသော်လည်း နိုင်ငံရေးအကျဉ်းသားမိသားစုဝင်များကမူ အဆက်အသွယ်မရသေးဟု Tachileik News Agency ကိုပြောသည်။

“(၁၁)နာရီလောက်က ရှော့တိုက်ဒုံးတွေကျလို့ ထောင်ပိုင်ကြီးကိုယ်တိုင် ဖွင့်ပေးတာလို့လည်း ပြောကြတယ်။ လားရှိုးမြို့တွင်းက ဖုန်းလိုင်းတွေအဆက်အသွယ်မရတော့ လားရှိုးမြို့ပြင်ထွက်လာနိုင်မှပဲ သိရမှာ။”ဟု နိုင်ငံရေးအကျဉ်းသား၏ မိသားစုဝင်တစ်ဦးက ပြောသည်။

ခလရ(၆၈) တပ်ရင်းနှင့် လားရှိုးအကျဉ်းထောင်တို့မှာ အေတီတံတားအကျော်တွင်ရှိနေသည်ဟုလည်း သိရသည်။

#TachileikNewsAgency

Photo: BPLA