ရေဦးမြို့တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ တပ်စွဲနေရာယူထားသည့် စခန်းများအား ဒရုန်းဖြင့်ဗုံးကြဲတိုက်ခိုက်

ရေဦးမြို့တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ တပ်စွဲနေရာယူထားသည့် စခန်းများအား ဒရုန်းဖြင့်ဗုံးကြဲတိုက်ခိုက်

စစ်ကိုင်းတိုင်း ရေဦးမြို့ရှိ စစ်ကောင်စီတပ်သားများ တပ်စွဲနေရာယူထားသည့် စစ်ကောင်စီစခန်းများအား ရွှေဘိုခရိုင် အမှတ်(၁၄) တပ်ရင်း ဒရုန်း တပ်စုမှ ဒရုန်းဖြင့် ဗုံးသီးချ တိုက်ခိုက်ကြောင်း ရေဦး PDF မှ ၂၀၂၄ ခုနှစ် ဇွန်လ (၁၅)ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

ရေဦးမြို့ မြောက်ဘက်အထွက်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ တပ်စွဲနေရာယူထားသည့် စစ်ကောင်စီစခန်းအား ယနေ့ ဇွန်လ (၁၅)ရက်နေ့ မနက် ဆယ်နာရီခွဲခန့်တွင် ရေဦး PDF မှ Fixed Wing Droneများဖြင့် ဗုံးသီး (၆)လုံးချ၍ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

တိုက်ခိုက်မှုအပြီးတွင် စစ်ကောင်စီဘက်မှ လက်နက်ငယ်များဖြင့် ပြန်လည်ပစ်ခတ်ခဲ့ပြီး တော်လှန်ရေးတပ်ဖွဲ့ဘက်မှ ထိခိုက်မှုမရှိဘဲ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဒရုန်းဖြင့်တိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်မှ ထိခိုက်မှုများရှိနိုင်ပြီး အသေးစိတ်အချက်အလက်များကို ဆက်လက်စုံစမ်းနေကြောင်း ရေဦး PDF မှ ဆိုသည်။

ထို့အတူ ဇွန်လ (၁၃) ရက်နေ့ နေ့လယ် (၁၂) နာရီအချိန်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ရေဦးမြို့ တိုင်းရင်းဆေးရုံစခန်းတွင် အစည်းအဝေးလုပ်နေချိန် ရွှေဘိုခရိုင် အမှတ်(၁၄) တပ်ရင်း ဒရုန်းတပ်စုမှ Fixed Wing Drone များဖြင့် ဗုံးသီး (၃) လုံးချတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အဆိုပါတိုက်ခိုက်မှုအတွင်း  စစ်ကောင်စီတပ်ဖွဲ့ဝင် (၃) ဦး သေဆုံးခဲ့ပြီး ဇွန်လ (၁၄) ရက်နေ့ မနက်တွင် သဂြိုလ်ခဲ့ကြောင်း ရေဦး PDF မှ ဆိုသည်။

တိုင်းရင်းဆေးရုံအစည်းအဝေးအတွက် လုံခြုံရေးတင်းကျပ်စွာချထားသည့် ဂါဝီစစ်ကောင်စီ စစ်ဆေးရေးဂိတ်အားလည်း ဇွန်လ (၁၃) ရက်နေ့တွင် Fixed Wing Drone များဖြင့် ဗုံးသီး (၃) လုံးချတိုက်ခိုက်ခဲ့ပြီး အဆိုပါဂိတ်မှ စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ယခုတိုက်ခိုက်မှုသည် ရေဦး PDF အဖွဲ့၏ ဇွန်လအတွင်း (၇) ကြိမ်မြောက်တိုက်ခိုက်မှုဖြစ်ပြီး ပြီးခဲ့သည့် ဇွန်လ (၁၁) ရက်နေ့ကလည်း ရေဦးမြို့ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များ တပ်စွဲနေရာယူထားသည့် စပါးဒိုင်ကွင်းအဟောင်းစခန်းအား Fixed Wing Drone များဖြင့် ဗုံးသီး (၈) လုံးချ၍တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

အဆိုပါ တော်လှန်ရေးတပ်ဖွဲ့သည် အမျိုးသားညီညွတ်ရေးအစိုးရ၏ ကာကွယ်ရေးဝန်ကြီးဌာနလက်အောက်မှ ရေဦးမြို့နယ်အခြေစိုက်အဖွဲ့တစ်ခုဖြစ်ပြီး ၂၀၂၁ စစ်အာဏာသိမ်းမှုကြောင့် ပေါ်ပေါက်လာသည့် တော်လှန်ရေးအဖွဲ့များထဲမှ တစ်ခုဖြစ်သည်။

#TachileikNewsAgency

Photo: YEU PDF