မကြောက်ကြနဲ့ဟု PNA ပြည်သူ့စစ် ဒုဗိုလ်မှူးကြီးက သင်တန်းဆင်းတပ်သားသစ်များကို ပြောဆို

မကြောက်ကြနဲ့ဟု PNA ပြည်သူ့စစ် ဒုဗိုလ်မှူးကြီးက သင်တန်းဆင်းတပ်သားသစ်များကို ပြောဆို
သြဂုတ် 22, 2024 | 2021 Military Coup| ရှမ်းတောင်

ပအိုဝ်းအထူးဒေသ(၆)ကို ကာကွယ်ရန် အာဇာနည်စိတ်ဓာတ်မွေးပြီး မကြောက်ကြနဲ့ဟု ပအိုဝ်းပြည်သူ့စစ်(PNA)မှ ဒုဗိုလ်မှူးကြီး ဖြားခွန်ဒေဝက ၂၀၂၄ခုနှစ် ဩဂုတ်လ (၂၁)ရက်နေ့ ပြည်သူ့စစ်သင်တန်းဆင်းပွဲတွင် လှုံ့ဆော်ပြောဆိုသည်။

စစ်ကောင်စီနှင့်ပူးပေါင်းကာ ကိုယ့်လူမျိုးဖြစ်သည့် PNLA တော်လှန်ရေးဖွဲ့ကို တိုက်ခိုက်နေသည့် ပအိုဝ်းပြည်သူ့စစ် (PNA)မှ ဒုဗိုလ်မှူးကြီး ဖြားခွန်ဒေဝက အတင်းအဓမ္မခေါ်ယူ၍ စစ်သင်တန်းပေးထားသည့် ဒေသခံများကို အာဇာနည်စိတ်ဓာတ်မွေးကြရန်၊ တိုက်ရမည် ခိုက်ရမည်ဆိုပါက ကိုယ်နိုင်ငံအတွက် ကာကွယ်သည်ဆိုခြင်းကြောင့် သူများကိုကြောက်ရမည်မဖြစ်စေနှင့်ဟု သွေးထိုးလှုံ့ဆော်သည်။

“ငါတို့ကစစ်သားပဲ လက်နက်ကိုင်ပြီ၊ သေနတ်ကိုင်ပြီဆိုရင် သေနတ်သမားကလာမယ်။ ဓားကိုင်ရင် ဓားသမားက ငါတို့ကိုလာထိုးနိုင်တယ်။ ဒါကြောင့် သူငယ်ချင်းကောင်းတို့ အမြဲသတိရဖို့က ငါတို့လက်နက်ကိုင်ပြီဆိုရင် ဒီလက်နက်က ဘယ်သူ့အတွက်လဲ၊ ဒါကိုမေးဖို့လိုတယ်။ ဒါကကျွန်တော်တို့ ပအိုဝ်းတစ်မျိုးသားလုံးအတွက်ဖြစ်တဲ့အတွက်ကြောင့် သူငယ်ချင်းကောင်းတို့သတိရဖို့လိုတယ်။”ဟု ဒုဗိုလ်မှူးကြီး ဖြားခွန်ဒေဝက ပြောသည်။

လက်နက်ကိုင်ပြီဖြစ်သဖြင့် ယခုလက်နက်ကြောင့် ကိုယ့်လူမျိုးအန္တရာယ်မဖြစ်စေရန်၊ ကိုယ့်လူမျိုး၏ ရန်သူမဖြစ်စေရန်။ ပြည်သူလူထု၏ အန္တရာယ်၊ ဆူးခလုတ်မဖြစ်စေရန် အားလုံးသတိရရန်လိုကြောင်းလည်း ၎င်းက ဆိုသည်။

“ဒါကြောင့် အခုလိုကြည်လိုက်တော့ ကျွန်တော်တို့ နောင်တရားဒေသကစစ်လိုမျိုး အားလုံးကထကြမယ်၊ လှုပ်ရှားကြမယ်ဆိုရင် ကျွန်တော်တို့ စန္တာ.ခမ်း(ပင်လောင်းဒေသ)မှမဟုတ်ဘူး။ တမျိုးသားလုံး သူများလာရွယ်ဖို့မပြောနဲ့ သူငယ်ချင်းကောင်းတို့ကို မြင်ရုံနဲ့ သူများကြောက်ပြီ။ ညီကြမယ်၊ စည်းလုံးကြမယ်၊ အခုလိုစိတ်ဓာတ်မျိုးတူညီကြမယ်ဆိုရင် အားလုံးတူညီလိမ့်မယ်လို့လည်း ဒီကနေယုံကြည်နေပါတယ်။”ဟု ဒုဗိုလ်မှူးကြီး ဖြားခွန်ဒေဝက ပြောသည်။

စစ်အင်္ကျီဝတ်ရသည့် ရည်မှန်းချက်မှာလည်း ပအိုဝ်းအမျိုးသားစုတစ်ခုလုံးတွက်၊ လူမျိုးအတွက်ဆိုသည်ကို သတိရကြရန်လည်း လှုံ့ဆော်သည်။

ပင်လောင်းမြို့နယ်တွင် နောင်တရားမြို့ ဒေသခံပြည်သူများအား စစ်သင်တန်းပေးသည့် အမှတ်စဥ် (၁) စစ်အင်အားတစ်သောင်း သင်တန်းဆင်းကြောင်း PNA ပြည်သူ့စစ်က ယမန်နေ့က ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

#TachileikNewsAgency