မင်းရွာရဲစခန်းမှ ထွက်ပြေးလာသည့် စစ်ကောင်စီတပ်သားတစ်ဦးကို ဖမ်းမိ

မင်းရွာရဲစခန်းမှ ထွက်ပြေးလာသည့် စစ်ကောင်စီတပ်သားတစ်ဦးကို ဖမ်းမိ
နိုဝင်ဘာ 13, 2023 | 2021 Military Coup| အခြားဒေသများ

မကွေးတိုင်း ဂန့်ဂေါမြို့နယ် မင်းရွာရဲစခန်းမှ ထွက်ပြေးလာသည့် စစ်ကောင်စီတပ်သားတစ်ဦးကို ယမန်နေ့ ၂၀၂၃ခုနှစ် နိုဝင်ဘာလ (၁၁)ရက်‌နေ့တွင် ယောဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPDF)က ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် နိုဝင်ဘာလ (၁၁)ရက်နေ့ နံနက်ပိုင်းတွင် ဒေသခံများက တောထဲတွင် မသင်္ကာဖွယ်လူတစ်ဦးရောက်ရှိနေကြောင်း သတင်းပေးချက်အရ လိုက်လံရှာဖွေရာတွင် အဆိုပါစစ်ကောင်စီတပ်သားအား ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဖမ်းဆီးရမိသူမှာ အသာတကြည် ဖမ်းဆီးမခံသည့်အတွက် တပ်ဖွဲ့မှ ရဲဘော်များမှ ခြောက်လှန့်ပစ်ခတ်ကာ ဖမ်းဆီးခဲ့ရကာ ၎င်းသည် မင်းရွာရဲစခန်းမသိမ်းခင် အုပ်စုလိုက်ထွက်ပြေးလာသူများထဲမှ တစ်ဦးဖြစ်ကြောင်း သိရသည်။

ထွက်ပြေးလာသူ ရဲ(၄)ဦးနှင့် စစ်ကောင်စီတပ်သား(၃)ဦးရှိပြီး ၎င်းမှာ အုပ်စုကွဲကာ ကျန်ခဲ့သူဖြစ်ပြီး အခြားသူများကိုလည်း တော်လှန်ရေးအဖွဲ့များမှ ဖမ်းဆီးရမိပြီးဖြစ်သည်ဟု သိရသည်။

လက်နက်နဲ့အတူ ထွက်ပြေးခဲ့ခြင်းဖြစ်ပြီး လက်နက်ခဲယမ်းများအား မြစ်ထဲတွင် ပစ်ချထားခဲ့ကြောင်းသိရပြီး ၎င်းသည် ဧရာဝတီတိုင်း၊ ဖျာပုံမြို့နယ်မှဖြစ်ကာ မိသားစုကြွေးတင်နေစဉ် စုဆောင်းရေးမှ စစ်ထဲလိုက်ပါက အကြွေးဆပ်ပေးမည်ဟု ပြောဆိုသည့်အတွက် လိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဖမ်းဆီးရမိသူအား လိုအပ်သော စစ်ဆေးမေးမြန်းမှုများ ပြုလုပ်ပြီးချိန်တွင် ခရိုင်တပ်ရင်းသို့ နိုဝင်ဘာလ (၁၁)ရက်နေ့ ညနေပိုင်းက ထပ်မံလွှဲပြောင်း အပ်နှံခဲ့သည်ဟု သိရသည်။

ပြီးခဲ့သည့် နိုဝင်ဘာလ (၃)ရက်နေ့ မနက်က မင်းရွာရဲကင်းစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ဂန့်ဂေါခရိုင် အမှတ်

(၁၊ ၇၊ ၁၁၊ ၁၂၊ ၁၄၊ ၁၉)တပ်ရင်း၊ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး(ABSDF)၊ နယ်မြေခံ ပကဖတို့ ပူးပေါင်းကာ စခန်းသိမ်းခဲ့ခြင်းဖြစ်သည်။

#TachileikNewsAgency