သံတွဲထောင်တွင်း တပ်စွဲနေသည့် စစ်ကောင်စီတပ်သားနှင့် ရဲများကို AA ဝင်ဖမ်းကာ နိုင်ကျဉ်းများကို ကယ်ထုတ်ထား

သံတွဲထောင်တွင်း တပ်စွဲနေသည့် စစ်ကောင်စီတပ်သားနှင့် ရဲများကို AA ဝင်ဖမ်းကာ နိုင်ကျဉ်းများကို ကယ်ထုတ်ထား

ရခိုင်ပြည်နယ် သံတွဲအကျဉ်းထောင်ကို အာရက္ခတပ်တော်(AA)က ၂၀၂၄ခုနှစ် ဇူလိုင်လ (၁၆)ရက်နေ့ ညပိုင်းက ဝင်ရောက်စီးနင်းတိုက်ခိုက်ကာ စစ်ကောင်စီတပ်သားနှင့် ရဲများကို ဖမ်းဆီးကာ နိုင်ငံရေးအကျဥ်းသားများကို ကယ်ထုတ်လိုက်ကြောင်း သိရသည်။

ထောင်အတွင်းတပ်စွဲနေသည့် စစ်ကောင်စီတပ်သည် ပြီးခဲ့သည့်ရက်ပိုင်းက အကျဉ်းသားများကို အဆောင်သစ်တွင် စုခိုင်းပြီး စစ်ကောင်စီတပ်က အဆောင်ဟောင်းတွင်နေကာ လေယာဉ်ခေါ်၍ ဗုံးကြဲခိုင်းသည်ဟုလည်း လွတ်မြောက်လာသည့် အကျဉ်းသားတစ်ဦးက ပြောသည်။

“ညဘက် ထောင်ကို ဗုံးကြဲတာ။ အကျဉ်းသားတွေကို အဆောင်သစ်မှာစုခိုင်းပြီး စစ်တပ်က အဆောင်ဟောင်းမှာ နေတယ်။ အကြီးပိုင်းတစ်ယောက်က လေယာဉ်ခေါ်ပြီးဗုံးကြဲခိုင်းတာ။ ကံကောင်းလို့အကုန်မသေတာ။ (၂)ဦးတော့ သေတယ်။ ဒဏ်ရာရသူတွေရှိတယ်။ အဆောင်တွေတော့ တော်တော်ပျက်သွားတယ်။”ဟု လွတ်မြောက်လာသည့် အကျဉ်းသားတစ်ဦးက Tachileik News Agency ကိုပြောသည်။

ထို့နောက် အာရက္ခတပ်တော်(AA)က အကျဉ်းထောင်ကို ဝင်ရောက်စီးနင်းပြီးနောက် ထောင်တွင်းရှိ စစ်ကောင်စီတပ်သားနှင့် ရဲတပ်ဖွဲ့ဝင်(၄၀)ဦးကို ဖမ်းဆီးပြီး နိုင်ငံရေးအကျဉ်းသား (၁၀၀)ဝန်းကျင်ကို ဘေးလွတ်ရာသို့ခေါ်ထုတ်ထားပြီဟု ဆိုသည်။

“အခုတော့ အားလုံးလုံခြုံတဲ့နေရာရောက်သွားပြီ။ စစ်တပ်နဲ့ ရဲ(၄၀)ဦးလောက်ကို ဖမ်းသွားတာ။ လက်ရှိက မြို့တွင်းမှာ AAပဲရှိတယ်။ ဒေသခံတွေကိုတော့ မြို့ထဲမဝင်ရသေးဘူး။ မြို့တွင်းကိုလည်း ဗုံးတွေကြဲထားတာ နေအိမ်တွေပျက်နေတယ်။”ဟု လွတ်မြောက်လာသည့် အကျဉ်းသားက ဆက်ပြောသည်။ 

မတရားအသင်းအက်ဥပဒေပုဒ်မ ၁၇ (၁)၊ ရာဇသတ်ကြီး ဥပဒေ ပုဒ်မ(၅၀၅)နှင့် ဖမ်းဆီးခံရသူများကို AAက ခေါ် ထုတ်သွားခြင်းဖြစ်ပြီး ဖုန်းလိုင်းအဆက်အသွယ်များကြောင့် အသေးစိတ်အချက်အလက်ကို မေးမြန်းနိုင်ခြင်းမရှိသေးပါ။

"အရင်က တခြားအမှုတွေကို စစ်တပ်ကလွတ်ပေးထားသေးတယ်။ အခုက နိုင်ကျဉ်းတွေကို မလွှတ်ဘဲ ဓါးစာခံလုပ်ထားတာ။"ဟု ၎င်းကဆက်ပြောသည်။

အာရက္ခတပ်တော်(AA)သည် လက်ရှိတွင် သံတွဲမြို့ ငပလီကမ်းခြေရှိ စစ်ကောင်စီတပ်၏ ခမရ(၅၆၆)၊ ခလရ (၅၅)တပ်နှင့် လေဆိပ်တို့ကို သိမ်းပိုက်ထားကာ မြို့တွင်းကိုလည်း ထိန်းချုပ်ထားသည့် အခြေအနေဖြစ်သည်။

လက်ရှိတွင် စစ်ကောင်စီတပ်သည် သံတွဲ-ဂွလမ်းရှိ ဇလွန်ဘုန်းကြီးကျောင်းတွင် အင်အား(၂၀၀)ဝန်းကျင်ဖြင့် တပ်စွဲအထိုင်ချထားပြီး ယင်းနေရာသည် မောင်ရွှေလေးရေတပ်စခန်းကို ကုန်းလမ်းမှ သွားလာနိုင်သည့်နေရာဖြစ်သည်ဟု သိရသည်။

#TachileikNewsAgency