သံတွဲတွင် စစ်ကောင်စီတပ်နှင့် AA တိုက်ပွဲပြင်းထန်

သံတွဲတွင် စစ်ကောင်စီတပ်နှင့် AA တိုက်ပွဲပြင်းထန်

ရခိုင်ပြည်နယ် သံတွဲမြို့တွင် စစ်ကောင်စီတပ်နှင့် အာရက္ခတပ်တော်(AA)တို့ ယနေ့ ၂၀၂၄ခုနှစ် ဇူလိုင်လ (၂)ရက်နေ့တွင် တိုက်ပွဲပြင်းထန်နေပြီး မြို့အနီးမှ သေနတ်သံများကြားနေရသည်ဟု ဒေသခံများထံမှ သိရသည်။

ငပလီကမ်းခြေရှိ စစ်ကောင်စီတပ်၏ ခမရ(၅၆၆)၊ ခလရ(၅၅)တပ်တို့ကို AAက ပြီးခဲ့သည့်လကစတင်၍ ထိုးစစ်ဆင်တိုက်ခိုက်နေပြီး ယနေ့နံနက်ပိုင်းတွင် မဇင်လေဆိပ်အနီးရှိ တောင်ကြောများကို Y-12 လေယာဉ်၊ ဂျက်ဖိုက်တာတို့ဖြင့် အပြင်းအထန် ဗုံးကြဲသည်ဟု သိရသည်။

“ဗုံးတွေက ဆက်တိုက်ကြဲနေတာ။ ငပလီမြို့ရှောင်လမ်းဖက်လည်း တိုက်ပွဲတော်တော်ပြင်းထန်သံကြားရတယ်။ တော်ယုံဆို သေနတ်သံတွေကမကြားရဘူး။ အခုက မြို့နဲ့တော်တော်နီးလို့ကြားရတာ။ ကျွန်တော့်အထင် ငပလီဘက်ထွက်တဲ့ မြို့အထွက်က နန်းချောင်းအကျော်လေးပဲ။”ဟု ဒေသခံတစ်ဦးက Tachileik News Agency ကို ပြောသည်။

ပြီးခဲ့သည့် ဇွန်လ (၂)ရက်နေ့တွင် စစ်ကောင်စီတပ်နှင့် AA တို့သည် ငပလီမြို့ အနီးတဝိုက်၍ တိုက်ပွဲစတင်ဖြစ်ပွားခဲ့ပြီးနောက် AA ၏ ထိုးစစ်ဆင်သည် သံတွဲမြို့အနီးသို့ ရောက်ရှိလာခြင်းဖြစ်သည်။

“မြို့ရှောင်လမ်းဖက်တိုက်ပွဲ ဖြစ်နေသံကြားရတယ်။ လက်နက်ငယ်သံတွေကောပဲ။ မြို့ရှောင်လမ်းဆိုတာ ငပလီ ဘက်သွားတဲ့လမ်း KTV အလွန်မှာ။ အခုကြားနေရတာတော့ နန်းချောင်းအကျော်မှာပဲကြားနေရတယ်။ မိုးတွေလည်းရွာနေတယ်။”ဟု ဒေသခံတစ်ဦးက ပြောသည်။

AA ၏ ထိုးစစ်ကြောင့် သံတွဲမြို့ရှိ ဒေသခံများလည်း ဘေးလွတ်ရာကို တိမ်းရှောင်နေကြပြီး စစ်ကောင်စီတပ် မိသားစုဝင်များ ထွက်ပြေးတိမ်းရှောင်နေကြကာ မြို့၏ အုပ်ချုပ်ရေးစနစ်လည်း ပျက်သွားပြီဟု သိရသည်။

#TachileikNewsAgency