စစ်ကိုင်းတိုင်းအတွင်း မုံရွာမြို့မှ အရာတော်ဘက်သို့ မုံရွာ - အရာတော်လမ်းကြောင်းတလျှောက် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီ စစ်ကြောင်းသည် သက်ကြီးရွယ်အိုများနှင့် အမျိုးသမီးများကို လူသားဒိုင်းပြုလုပ်မှုကြောင့် မိုင်းထိပြီး ထိခိုက်ဒဏ်ရာရရှိကာ စိုးရိမ်ရသည့် အခြေအနေထိ ရှိနေကြောင်း သိရသည်။
၂၀၂၅ခုနှစ် ဇန်နဝါရီလ(၆)ရက်နေ့က မုံရွာ - အရာတော်လမ်းကြောင်းတလျှောက် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီ စစ်ကြောင်းသည် မုံရွာမြို့နယ် ကျောက္ကာ (မြောက်)ရွာမှ သက်ကြီးရွယ်အိုများနှင့် အမျိုးသမီးများပါဝင်သည့် အရပ်သား (၃၀)ဝန်းကျင်ကို ဖမ်းဆီးခေါ်ဆောင်ပြီး (၅)ဦး တစ်ဖွဲ့စီဖြင့် ရှေ့ဆုံးမှ လူသားဒိုင်းအဖြစ် ပြုလုပ်ပြီး စစ်ကြောင်းထိုးချီတက်နေခြင်း ဖြစ်ကြောင်း သိရသည်။
ယင်းသို့ လူသားဒိုင်းပြုလုပ်ပြီး အရာတော်ဘက်သို့ ဆက်လက်ချီတက်နေချိန် ရှေ့ဆုံးက သွားနေရသည့် ကျောက္ကာ (မြောက်)ရွာမှ ဓါးစားခံ (၅)ဦးမှာ မိုင်းထိပြီး စိုးရိမ်ရသည့် ဒဏ်ရာရရှိသွားသည့်အတွက် မုံရွာမြို့ စစ်ဆေးရုံသို့ ခေါ်ဆောင်သွားကြောင်း သိရသည်။
"ကျောက္ကာ (မြောက်)ရွာကနေ အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်ခံရသူများထဲက (၅)ဦးကတော့ လူသားဒိုင်း ဓါးစာခံ ပြုလုပ်ခံရရင်းနဲ့ မိုင်းထိပြီး မုံရွာက စစ်ဆေးရုံကို ရောက်သွားတယ်။ ကျန်တဲ့ သက်ကြီးရွယ်အိုတွေနဲ့ အမျိုးသမီးတွေအတွက် အထူးစိုးရိမ်စရာတွေ ဖြစ်နေတယ်။ သူတို့အတွက် အကူအကယ်မဲ့နေတယ်ဗျာ"ဟု ဒေသခံ တစ်ဦးက Tachileik News Agecny သို့ ပြောသည်။
ဆက်လက်၍ လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားသည့် ကျန်ရှိ အရပ်သားများမှာ သက်ကြီးရွယ်အို နှင့် အမျိုးသမီးအများဆုံးဖြစ်နေပြီး လမ်းတလျှောက် ပင်ပန်းဆင်းရဲမှုများကြောင့် အထူးစိုးရိမ်ရသည့် အခြေအနေများရှိနေကြောင်း ဒေသခံများထံက သိရသည်။
အာဏာသိမ်းစစ်ကောင်စီတပ်သည် ၎င်းတို့ စစ်ကြောင်းထိုးချီတက်ရာ လမ်းတလျှောက်တွင် ဒေသကာကွယ်ရေးတပ်ဖွဲ့များ၏ ပြောက်ကျားစနစ်တိုက်ခိုက်မှုများကြောင့် အထိနာမှုများနှင့် ကြုံနေရသည့်အတွက် ၎င်းတို့ အထိမနာစေရန် အရပ်သားများကို ဖမ်းဆီးပြီး ရှေ့ဆုံးကနေ သွားခိုင်းခြင်းဖြင့် လူသားဒိုင်းအဖြစ် အသုံးချလေ့ရှိကြောင်း သိရသည်။